ရက်သတ္တတစ်ပတ်တာအတွင်း ထိုင်းမြန်မာနယ်စပ်အနီး ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီတပ်စခန်း ခြောက်ခုထက် မနည်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLAနှင့် ပူးပေါင်းတပ်များက ဆက်တိုက်ဆိုသလို သိမ်းပိုက်ခဲ့သည်။
မေ ၂၃ – ဘလယ်ဒိုစခန်း
မြဝတီမြို့တောင်ဘက်၊ မြဝတီ – ဝေါ်လေ လမ်းပေါရှိ ဘလယ်ဒိုစခန်းအား ကရင်ပူးပေါင်းတပ်ဖွဲ့ဘက်က မေလ ၂၃ ရက် မွန်းလွဲချိန်တွင် သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါစခန်းကို မေလ ၂၀ ရက် ညပိုင်းမှ စတင်တိုက်ခိုက်ခဲ့ပြီး သုံးရက်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
မေ ၂၈ – ကနဲလေးစခန်း
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ(၆)၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကနဲလေးတပ်စခန်းကို တပ်မဟာ(၆) ဦးဆောင်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့က မေလ ၂၇ ရက် မနက် ၇နာရီမှ စတင်တိုက်ခိုက်ခဲ့ပြီး ၃၅ နာရီအကြာ မေလ ၂၈ ရက် ညနေ ၆နာရီတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
မေ ၂၉ – ရွှေအေးမြိုင်စခန်း
ကရင်ပြည်နယ် မြဝတီတောင်ဘက် ဥကရိထအနီးရှိ ရွှေအေးမြိုင်စခန်းကို ပူးပေါင်းတပ်များက မေလ ၂၉ ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ရွှေအေးမြိုင်ဘုရားကုန်းစခန်းသည် ကရင်ပြည်နယ်၊ ဝေါ်လေလမ်းပိုင်းရှိ ဥကရစ်ထစခန်း၏ ကာကင်းကုန်းလည်း ဖြစ်သည်။
မေ ၃၀ – ဘုရင့်နောင်ကုန်းစခန်း
မေလ ၃၀ ရက် နံနက် ၄ နာရီအချိန်တွင် မြ၀တီမြို့ တောင်ဘက် ဝေါ်လေဗျူဟာစစ်စခန်းအနီးရှိ စစ်ရေးဗျူဟာအရ အရေးပါသည့် အမြင့်ဆုံး တောင်ကုန်းပေါ်တွင်ရှိသော စစ်ကောင်စီတပ်၏ ဘုရင့်နောင်စခန်းကုန်းကို ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါစခန်းကုန်းကို KNLA က ဆယ်စုနှစ်ချီ ထိုးစစ်ဆင်ခဲ့ဖူးသော်လည်း တစ်ကြိမ်မှ မသိမ်းပိုက်နိုင်ခဲ့ဘဲ ယခု သိမ်းပိုက်ရရှိမှုမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
မေ ၃၀ – မော်ခီးစခန်း
ကရင်ပြည်နယ်၊ မြဝတီ – ဝေါလေကားလမ်းမအကျော်ရှိ မော်ခီးစစ်ကောင်စီစခန်းကို မေလ ၃၀ နံနက် ၁၁ နာရီဝန်းကျင်တွင် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်သည်။ အဆိုပါစခန်းကို မေ ၂၁ ရက်မှစတင်၍ ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
သိမ်းရန် ကျန်ရှိစခန်းများ
နောက်ထပ် ဝေါ်လေဗျူဟာကုန်း၊ တီသဲလယ်ကာကင်းစခန်း၊ သေ့ဘောဘိုး၊ ဥကရစ်ထနှင့် ထီးကပလယ်စခန်း ၅ ခုသာ သိမ်းပိုက်ရန် ကျန်ရှိနေသည်။