ခင်သရဖီဦး
စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက်အပြန်အလှန် အပစ်ရပ်ကြောင်း ထုတ်ပြန်ထားသော်လည် ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်ကျေးရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားမှုများရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၁၉ ရက်မှစတင်၍ နှစ်ဖက်အပြန်အလှန် ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိနေရာမှ လက်ရှိတွင် နှမ်းဖဲတောင်ကျေးရွာအနီး တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်ဟု အသက် ၄၀ အရွယ် ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“အခုက ပစ်ခတ်မှုတွေ အများကြီး ရှိနေပါတယ်။ နှမ်းဖဲတောင်ကျေးရွာနားမှာ ဖြစ်နေတာလို့ သိရတယ်။ နောက်ပြီး အဲဒီနားက (၃၂) ရဲတပ်ရင်းက အနီးအနားမှာ ရှိနေတော့ အဲဒီနားတွေကပါ လက်နက်ကြီးတွေ လှမ်းပစ်တာတွေလည်း ရှိတယ်” ဟု ၎င်းက ပြောသည်။
ကျောက်ဖြူတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အာရက္ခတပ်တော် AA က မင်းတက်တောင်၊ လိပ်ခမော်ရွာဟောင်းရှိ ကာကင်းစခန်းငယ်များအား သိမ်းယူထားနိုင်ခဲ့သည်။
လက်ရှိတွင် အာရက္ခတပ်တော်အနေဖြင့် ကျောက်ဖြူမြို့အနီးသို့ ရောက်ရှိလာပြီဖြစ်ကာ တိုက်ပွဲများလည်း ပြင်းထန်လာနိုင်သည်ဟု ဒေသခံများက မြင်ကြသည်။
အဆိုပါ ဒေသခံကပဲ “ကိုယ့်ဘက်ကတော့ အားတင် (ထိုးစစ်ဆင်) နေပြီပေါ့နော်။ တဖြည်းဖြည်း တိုက်နေပါပြီ။ လက်ရှိကတော့ စစ်တပ်က လက်နက်ကြီးတွေ ဆက်တိုက်ဆိုသလို ပစ်နေတာတွေ ရှိတယ်” ဟု ဆိုသည်။
လက်ရှိ ကျောက်ဖြူတွင် ခမရ (၅၄၃)၊ ခလရ (၃၄)၊ ခမရ (၅၄၂) ၊ အမှတ် (၃၂) ရဲတပ်ရင်းနှင့် ဓညဝတီရေတပ်ဌာနချုပ်တို့တွင် စစ်ကောင်စီက တပ်စွဲထားဆဲ ဖြစ်သည်။
စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲများကြောင့် ကုလားဘာကျေးရွာ၊ ရှောက်ချောင်း၊ နှမ်းဖဲတောင်၊ မလကျွန်း၊ လိမ်ခမော်ဟောင်း၊ ပြိုင်းစေ့ကေကျေးရွာနှင့် ကုန်းဘောင်ကျေးရွာ စသည့် ရွာပေါင်း ၂၀ ခန့်က ဒေသခံ ငါးသောင်းခန့်အထိ စစ်ပွဲမဖြစ်ပွားသေးသည့် နေရာများသို့ စစ်ဘေးရှောင်နေကြရသည်။
စစ်ကောင်စီသည် ယာယီအပစ်အခတ်ရပ်စဲရေးကာလအား ဧပြီ ၂ ရက်မှ မေလကုန်အထိ သက်တမ်းတိုးထားသော်လည်း ဒေသခံပြည်သူများသာရှိသည့် နေရာများသို့ စစ်ကြောင်းထိုးခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို နေ့စဉ် ပြုလုပ်လျက်ရှိသည်။
ပုံစာ- စခန်းသိမ်းထားသည့် အေအေ တပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ပုံဟောင်း)