ကရင်ပြည်နယ်၊ မြဝတီ – ဝေါလေကားလမ်းမအကျော်ရှိ မော်ခီးစစ်ကောင်စီစခန်းကို ယနေ့ ထပ်မံသိမ်းပိုက်လိုက်သည်ဟု သိရသည်။ ထိုးစစ်ဆင်နေချိန်မှာ စစ်ကောင်စီတပ်သားတွေက စခန်းကို ထားပြီး ထွက်ပြေးသွားကြလို့ သိမ်းပိုက်လိုက်နိုင်ပါပြီ” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
မော်ခီးစစ်ကောင်စီစခန်းကို ယနေ့နံနက် ၁၁ နာရီကျော်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးကလည်း ဆိုသည်။ လက်ရှိတွင် မော်ခီးစခန်းကို ရှင်းလင်းရေး လုပ်ဆောင်နေဆဲ ဖြစ်သည်ဟု သိရသည်။
မြဝတီမြို့တောင်ဘက် ဝေါလေဒေသရှိ အဆိုပါစခန်းကို မေ ၂၁ ရက်မှစတင်၍ ကော်သူးလေအာမီ ( KTLA)၊ KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
ပူးပေါင်းတပ်ဖွဲ့ဝင်က “မော်ခီးစခန်းက အခုလေးတင် ရတာ။ သူကျတော့ နယ်စပ်စခန်းတစ်ခုပေါ့” ဟု ဆိုသည်။ အဆိုပါမော်ခီးတပ်စခန်းကို KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်တွင် တစ်ကြိမ် သိမ်းပိုက်ခဲ့ပြီး ရက်ပိုင်းအကြာ ၂၀၂၂ ခုနှစ် ဧပြီလ ၆ ရက်တွင် စစ်ကောင်စီမှ ပြန်လည်သိမ်းယူခဲ့သည်။
သုံးနှစ်ကျော်အကြာတွင် KNLA ပူးပေါင်းတပ်ဖွဲ့များက ၁၀ ရက်ကျော် ထိုးစစ်ဆင်ပြီးနောက် နောက်တစ်ကြိမ် ထပ်မံ သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် ကရင်ပြည်နယ်နှင့်ထိစပ်နေသော ထိုင်းမြန်မာနယ်စပ်တလျှောက်ရှိ စစ်ကောင်စီတပ်စခန်းများဖြစ်သည့် ဘုရင့်နောင်ကုန်း၊ မော်ခီး၊ ကနဲလေး၊ ဝေါလေဗျူဟာ၊ ထီးကပလယ်၊ ဥကရစ်ထ၊ ရွှေအေးမြိုင်၊ ဆုံဆည်းမြိုင်၊ သေဘော့ဘိုးနှင့် ဘလယ်ဒိုစခန်းတို့ကို မေလအတွင်းတွင် တပြိုင်နက်တည်း ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
၎င်းတို့အနက်မှ မော်ခီး၊ ကနဲလေး၊ ဘလယ်ဒို၊ ရွှေအေးမြိုင်၊ ဘုရင့်နောင့်ကုန်း၊ ဆုံဆည်းမြိုင် စသည့်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ဝေါ်လေဗျူဟာကုန်း၊ တီသဲလယ်ကာကင်းစခန်း၊ သေ့ဘောဘိုး၊ ဥကရစ်ထနှင့် ထီးကပလယ်စခန်း ၅ ခုသာ သိမ်းပိုက်ရန် ကျန်ရှိနေသေးသည်။