ကရင်ပြည်နယ်၊ မြဝတီ – ဝေါလေကားလမ်းမရှိ စစ်ရေးဗျူဟာအရ အရေးပါသည့် ဘုရင့်နောင်စခန်းကုန်းကို ပူးပေါင်းတပ်များက ထပ်မံသိမ်းပိုက်လိုက်သည်ဟု သိရသည်။
ဘုရင့်နောင်ကုန်းကို ယမန်နေ့ညတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်ဘက်မှ သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု မြေပြင်ရဲဘော်တစ်ဦးက ဆိုသည်။
၎င်းက “ဘုရင့်နောင်ကုန်းကျတော့ စစ်ရေးဗျူဟာအရ အရေးပါတဲ့ စခန်း တစ်ခု။ အခုတိုက်နေတဲ့ စခန်းတွေ အကုန်လုံးထဲမှာ ဘုရင့်နောင်ကုန်းက အမြင့်ဆုံးပဲ” ဟု ဆိုသည်။
ဘုရင့်နောင်စခန်းကို သိမ်းပိုက်နိုင်ပြီးနောက် အဆိုပါစခန်းရှိ စစ်ကောင်စီတပ်သားအချို့သည် ထိုင်းဘက်ကမ်းသို့ ထွက်ပြေးခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်၏ ပြောကြားချက်အရ သိရသည်။
ယမန်နေ့ညတွင် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ဘုရင့်နောင်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း ခလရ ၂၇၅ မှ လက်နက်ကြီး ပစ်ကူပေးမှုများ ရှိခဲ့သည်။
ထို့အပြင် အဆိုပါဒေသတဝိုက်ရှိ ကွီးလေစုကျေးရွာဘော်ဒါဆောင်ကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ဘော်ဒါဆောင်နေကလေး လေးဦး ထိခိုက်မှုရှိခဲ့သည်ဟု သိရသည်။
ပုံစာ – ကရင်ပြည်နယ်တွင်း တိုက်ပွဲဝင်နေသော ပူးပေါင်းတပ်ဖွဲ့ဝင်များ