ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာသို့ ဝင်လာသည့် စစ်ကောင်စီစစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း အမျိုးသမီး တစ်ဦး အပါအဝင် အရပ်သား သေဆုံးသူ ငါးဦးအထိရှိလာပြီး ပြင်းထန်းဒဏ်ရသူများလည်းရှိသည် ဟု ကူညီဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦးက ပြောသည်။
“မနေ့က ဖားကန့်ကို ထွက်သွားတဲ့အချိန် တွေ့တာက သေဆုံးသူ ငါးလောင်း၊ မိန်းကလေး တစ်လောင်း သေနတ်ဒဏ်ရာရ တစ်ယောက်၊ လောလောဆယ်တော့ ထိတွေ့တိုက်ခိုက်တာတော့ မရှိတော့ဘူး။ စစ်ကောင်စီက စစ်ရေးလှုပ်ရှားတာတော့ ရှိနေတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီစစ်ကြောင်းသည် မေလ ၂၈ ရက် ညမှစတင်ကာ လုံးခင်းကျေးရွာသို့ စစ်ကြောင်းထိုးလာပြီး ကချင်လွတ်မြောက်ရေးတပ် KIA နှင့် ပစ်ခတ်မှုများ ရှိခဲ့သော်လည်း ၂၉ ရက်တွင် အပစ်ရပ်ကာ ဖားကန့်ဘက်သို့ စစ်ကြောင်းထိုးနေသည်ဟု အသက် ၃၀ ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“အေးအေးပဲ ဖားကန့်ကို ဝင်သွားပြီး စစ်ကောင်စီစစ်ကြောင်းဝင်လာတဲ့ ခြေလှမ်းတွေက တကယ့်ကို ပေါ့ပေါ့ပါးပါးပဲ လာနေတာ။စိုးရိမ်ကြောင့်ကြမှု မရှိတဲ့ ပုံစံနဲ့ ဝင်လာတာ” ဟု ၎င်းက သူမြင်တွေ့ရသည်ကို ဆိုသည်။
ထို့အပြင် လုံးခင်းကျေးရွာမှ ဒေသခံ ၂၀ ကျော်အား လူသားဒိုင်းအဖြစ် ခေါ်ဆောင်ပြီး ဖားကန့်သို့ စစ်ကောင်စီ စစ်ကြောင်းထိုးလာသည့် အချိန်တွင် ဖားကန်ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်ဟု သိရသည်။
ဖားကန့်မြို့အနီးရှိ ကျေးရွာအများစုအား ကချင်လွတ်မြောက်ရေးတပ် KIA နှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် KPDF ပူးပေါင်းတပ်တို့ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီစခန်းများအား သိမ်းပိုက်ထားခြင်း ဖြစ်သည်။
ပုံစာ – လုံးခင်းတွင် ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည့် အရပ်သားများ
ဓါတ်ပုံ- ဒေသခံတစ်ဦး