ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် တအာင်းလွတ်မြောက်ရေးတပ် (TNLA) နှင့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲများပြင်းထန်နေသည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက သံလွင်ခက်ကို ပြောသည်။
“လက်တလောမှာ ကျမတို့ TNLA နဲ့ စစ်ကောင်စီကြားမှာဆိုရင် နောင်ချိုမြို့ရှိ တောင်ခမ်း၊ အုမ္မတီးဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် မေ ၂၆ ရက်တွင် တောင်ခမ်းဒေသနှင့် အုမ္မတီးကျေးရွာဘက်သို့ ထိုးစစ်ဆင်တိုက်ခိုက်လာသော စစ်ကောင်စီစစ်ကြောင်းများနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ဦးဆောင်သော တပ်များက စစ်ကောင်စီ၏ အမြှောက်စခန်းကွပ်ကဲမှုဌာနချုပ် (၉၀၂) နှင့် လက်အောက်ခံအမြှောက်တပ်ရင်းများဖြစ်သော အမတ (၄၀၆) နှင့် အမတ (၂၀၆) တို့ကို သိမ်းပိုက်ခဲ့သည်။
လက်ရှိအချိန်တွင် တောင်ခမ်းဒေသကို စစ်ကောင်စီမှ ပြန်လည်သိမ်းပိုက်ထားပြီး အဆိုပါဒေသမှတဆင့် ယာပြင်ကျေးရွာကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ “ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ယာပြင်ကျေးရွားနားမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။
ယာပြင်ကျေးရွာအနီးရှိ TNLA တပ်စခန်းတစ်ခုကို လက်လွှတ်ခဲ့ရသည်ဟု ပြောဆိုမှုများနှင့်ပတ်သက်၍ TNLA မှ အတည်ပြုနိုင်ခြင်းမရှိသေးဟု ဆိုသည်။ TNLA သည် ၁၀၂၇ စစ်ဆင်ရေး နှစ်ကြိမ်အတွင်း မြို့ပေါင်း ၁၁ မြို့ကို သိမ်းပိုက်ထားသည်။
၎င်းတို့ထဲမှ နောင်ချို၊ ကျောက်မဲ၊ သီပေါ စသည့်မြို့များသည် တရုတ်နိုင်ငံနှင့် ကုန်းလမ်းကုန်သွယ်ရေး အဓိကကျသော လမ်းမကြီးဖြစ်သည်။ ၎င်းမြို့များအပါအဝင် TNLA ထိန်းချုပ်ထားသော မြို့များကို လက်လွှတ်ပေးရန် တရုတ်နိုင်ငံ၊ ကူမင်းမြို့ဆွေးနွေးပွဲတွင် စစ်ကောင်စီမှ တောင်းဆိုထားသလို လေကြောင်းမှ တိုက်လေယာဉ်များ၊ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းများအသုံးပြု၍ တိုက်ခိုက်ခြင်းနှင့် မြေပြင်စစ်ကြောင်းအလုံးအရင်းဖြင့် TNLA ထိန်းချုပ်နယ်မြေများကို ထိုးစစ်ဆင်နေသည်။
ပုံစာ – ၂၀၂၄ အောက်တိုဘာလ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်တွင် တွေ့ရသော TNLA တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-TNLA)