အမီးလေး
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာမှ ဖားကန့်မြို့သို့ စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“စကစ စစ်ကြောင်းက လုံးခင်းမှာ တချို့ကို ထားခဲ့ပြီးတော့ စစ်ကြောင်းကတော့ ဖားကန့်မြို့ဆီ ဦးတည်နေပါတယ်။ အခုဆိုရင် ဖားကန့်မြို့ အောက်လမ်းမ ယွန်းလက်ဖက်ရည်ဆိုင်ရှေ့ ရောက်နေပြီကြားတယ်” ဟု ယနေ့ နံနက်ပိုင်းက ပြောသည်။
နောက်ဆုံးကြားသိရသည့် အချက်အလက်အရ လုံးခင်းကျေးရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် ဖားကန့် ဗျူဟာကုန်းအထိ ရောက်ရှိသွားပြီဟု သိရသည်။
စစ်ကောင်စီစစ်ကြောင်းသည် မေလ ၂၇ ရက်မှ စတင်ကာ လုံးခင်းကျေးရွာသို့ စတင်ဝင်ရောက်လာပြီး သေနတ်များဖြင့် ယမ်းသမ်းပစ်ခတ်ကာ ဒေသခံ ၂၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖားကန့်ဘက်သို့ ခေါ်ဆောင်သွားသည်ဟုလည်း ဒေသခံအချို့ထံမှ သိရသည်။
၎င်းက ဆက်ပြီး “ဒိုင်းကာအဖြစ် ဖမ်းခေါ်သွားတယ်။ အသေအပျောက်တော့ မကြားရသေးဘူး။ ၂၀ ကျော်တယ် ရပ်မိရပ်ဖတွေလို့ ပြောတယ်” ဟု ဆိုသည်။
လက်ရှိတွင် ဖားကန့်မြို့ရှိ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရပြီး KIA/KPDF တို့အား ပစ်ခတ်ပါက လုံးခင်းရွာအား ဗုံးကြဲမည်ဟု ပြောထားခြင်းကြောင့် ယနေ့ မေလ ၂၉ ရက်တွင် စစ်ကောင်စီ စစ်ကြောင်းအား ပစ်ခတ်ခြင်းမရှိဟုလည်း လုံခင်းဒေသခံတစ်ဦးပြောသည်။
မေလ ၂၈ ရက်တွင် လုံးခင်း၌ စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး လက်နက်ကြီးဖြင့် ဗုံးကြဲမှုများလည်းရှိခဲ့သည်ဟုသိရသည်။
ဖားကန့်မြို့မှအပ မြို့နယ်တွင်းရှိ ကျေးရွာများအား KIA နှင့် KPDF ပူးပေါင်းတပ်တို့က ၂၀၂၄ နှစ်ကုန်ပိုင်းတွင် သိမ်းပိုက်ထားပြီး စစ်ကောင်စီအနေဖြင့် ယခုနှစ်တွင် ပြန်လည် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
ပုံစာ – လုံးခင်းမှ လူသားဒိုင်းများဖြင့် ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်း