အမီးလေး
ကိုယ်လက်အင်္ဂါဆုံးရှုံးထားသူများအနေဖြင့် နည်းပညာဖြင့် တော်လှန်ရေးတွင် ပါဝင်လိုပါက Federal Wings ဒရုန်းတပ်ဖွဲ့သို့ ပါဝင်နိုင်သည်ဟု မေလ ၂၉ ရက်တွင် ထုတ်ပြန်သည်။
Federal Wings ဒရုန်းတပ်ဖွဲ့နှင့်အတူ Research and Development-R&D လုပ်ငန်းများအား ပူးတွဲတာဝန်ထမ်းဆောင်ရန်နှင့် နည်းပညာများ တိုးတက်ပြန့်ပွားစေရန်ဖြစ်သည်ဟု Federal Wings ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူက အတည်ပြုပြောသည်။
ဦးစားပေးအနေဖြင့် တော်လှန်ရေးတာဝန်များထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကိုယ်လက်အင်္ဂါ ဆုံးရှုံးထားသည့် ရဲဘော်များ၊ လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်များနှင့် စစ်အာဏာရှင်အား နည်းပညာဖြင့် တော်လှန်လိုသူများအား ခေါ်ယူနေခြင်းဖြစ်သည်။
Federal Wings ဒရုန်းတပ်ဖွဲ့သည် ဒရုန်းနည်းပညာဖြင့် စစ်ကောင်စီတပ်အား တိုက်ခိုက်နေသည့် တပ်ဖွဲ့ဖြစ်သည်။ ၂၀၂၁ နှစ်လယ်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေ ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသတွင် စတင်ခဲ့ပြီး ယင်းနှစ် စက်တင်ဘာလတွင် တရားဝင်အမည်ပေး ဖွဲ့စည်းခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ မသန်စွမ်းဦးရေသည် အာဏာသိမ်းပြီးနောက် ၇၅.၅ ရာခိုင်နှုန်း မြင့်တက်လာသည်။ အများဆုံးမှာ မြေမြုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသူများဖြစ်ပြီး အသက် ၁၈ နှစ်မှ ၂၅ နှစ်အရွယ် လူဦးရေ ၅၃ ရာခိုင်နှုန်း ပါဝင်နေသည်ဟု Myanmar Coordination Initiative for Equal Rights of Persons with Disabilities (MCERP) ၏ ၂၀၂၄ နှစ်ကုန်ပိုင်း အစီရင်ခံစာအရ သိရသည်။