နိုင်ငံတော်အာဏာသိမ်းယူထားတဲ့ စစ်ခေါင်းဆောင်ဟာ သူ့အတွက် လုံခြုံရေးအာမခံချက်မရှိတဲ့အတွက် အာဏာကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ ပညာရှင်တွေက သုံးသပ်နေကြပါတယ်။
၂၀၂၅ နှစ်ကုန်မှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ စီစဥ်နေပြီး ရွေးကောက်ပွဲပြီးသွားတဲ့အခါ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ စစ်ဦးစီးချုပ်အဖြစ် ဆက်ရှိမှာလား၊ ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ ပေါင်းပြီး နိုင်ငံတော်သမ္မတ ရာထူးရယူမှာလားဆိုတာကလည်း အခုအချိန်အထိ မကွဲပြားသေးပါဘူး။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အရင်ကတည်းက သမ္မတအိပ်မက်ရှိခဲ့သူဖြစ်တာကြောင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာလွှဲပြောင်းမပေးဘဲ နိုင်ငံတော်အာဏာသိမ်းယူခဲ့ပါတယ်။
စစ်ကောင်စီက ၂၀၂၅ ရွေးကောက်ပွဲကျင်းပဖို့ စီစဥ်နေတဲ့အတွက် ရွေးကောက်ပွဲပြီးသွားလို့ နိုင်ငံတော်သမ္မတရာထူးရယူမယ်ဆိုရင် ကာကွယ်ရေးဦးစီးချုပ်ရာထူးကို တခြားတစ်ယောက်ကို လွှဲပြောင်းပေးရပါလိမ့်မယ်။
ဒါကြောင့်လည်း စစ်ခေါင်းဆောင်က စစ်တပ်ထဲကနေ သူ့ကို ယှဥ်လာနိုင်သူတွေကို ရာထူးက အနားပေးပြီး သူချုပ်ကိုင်နိုင်မယ့် ဗိုလ်ချုပ်တွေကို လက်သပ်မွေးနေတယ်လို့ နိုင်ငံတကာသတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
စစ်ခေါင်းဆောင်က သူ့အတွက် အန္တရာယ်ရှိသူတွေကိုတော့ ကာကွယ်ရေးဦးစီးချုပ်ရာထူး လွှဲပြောင်းပေးနိုင်ဖွယ် မရှိပါဘူး။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေး၊ နိုင်ငံရေးဖိအားတွေကြောင့် စစ်ကောင်စီက ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပဖို့ စီစဥ်နေပြီး အဲဒီရွေးကောက်ပွဲကပဲ စစ်ခေါင်းဆောင်အတွက် လုံခြုံရေးနဲ့ အာဏာ ဆက်လက်ထိန်းချုပ်နိုင်ရေးအတွက် စိန်ခေါ်မှုတွေ ရှိနေတာပဲဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တိုင်းရင်းသားဒေသတွေအပါအဝင် နိုင်ငံတဝှမ်းကို လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်ဆောင်ရွက်နေပါတယ်။