ရွှေနှင့် မြေရှားသတ္တုများ တူးဖော်ခြင်းကြောင့် ဖြစ်ပေါ်လာသည်ဟု ယူဆရသော ချင်းရိုင်းပြည်နယ်အတွင်းရှိ မယ်ဆိုင်မြစ်ရေ ညစ်ညမ်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ထိုင်းအစိုးရက မြန်မာနိုင်ငံသို့ ခရီးစဉ်တစ်ခု စီစဉ်ရန် ကြိုးပမ်းနေသည်ဟု ထိုင်းပြည်ထဲရေး ဒုဝန်ကြီးက ပြောဆိုခဲ့သည်ဟု ထိုင်းသတင်း Khaosod English တွင် ဖော်ပြသည်။
အဆိုပါ ကိစ္စရပ်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် လုပ်ဆောင်ရမည်ဖြစ်ပြီး အချိန်ကြာမြင့်နိုင်သည်ဟုလည်း ဆိုသည်။
ရေထုညစ်ညမ်းခြင်းသည် မြန်မာနိုင်ငံသားများအတွက်လည်း အန္တရာယ်ရှိကြောင်း စစ်ကောင်စီအား စည်းရုံးရန် ထိုင်းအစိုးရက ကြိုးပမ်းမည်ဖြစ်ပြီး တူးဖော်ခြင်းလုပ်ငန်းများတွင် ပါဝင်သည်ဟု ယုံကြည်ရသော တရုတ်နိုင်ငံကိုလည်း ပါဝင်ဆွေးနွေးစေရန် လိုအပ်မည်ဟု သူက ဖြည့်စွက်ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံသဘာဝအရင်းအမြစ်ဌာန၏ ၂၀၂၄ ခုနှစ် အောက်တိုဘာလက လေ့လာမှုအရ မယ်ဆိုင်မြို့ မြောက်ပိုင်း နယ်စပ်ဒေသတစ်လျှောက် ရေကြီး ရေလျှံမှုအတွင်း နုန်းမြေအမြောက်အမြား တင်ကျန်မှုနှင့် မြေပြိုမှုဖြစ်စဉ်များသည် မိုင်းဆတ်မြို့ အရှေ့ပိုင်းရှိ ရွှေတူးဖော်ထုတ်လုပ်မှုများကြောင့် ဖြစ်သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ထုတ်ပြန်ခဲ့ဖူးသည်။
ထိုင်းမြန်မာနယ်စပ်ရှိ မယ်ဆိုင်မြစ်သည် ရှမ်းပြည်နယ် အရှေ့ဘက်ရှိ မဲခေါင်မြစ်လက်တက်တစ်ခုဖြစ်ပြီး သတ္တုတူးဖော်မှုများ အကျိုးဆက်ကို ခံစားရသည့် မြစ်တစ်စင်းဖြစ်သည်ဟုလည်း ဖော်ပြခဲ့သည်။
ထို့ပြင် မြန်မာဘက်ခြမ်းက ရွှေတူးဖော်မှုများကြောင့် စီးဝင်လာသည့် အန္တရာယ်ရှိ ညစ်ညမ်းပစ္စည်းများကို စစ်ထုတ်နိုင်ရန် ထိုင်းနိုင်ငံမြောက်ပိုင်းမြစ်များတွင် ရေစစ်ယူသန့်စင်မည့် ဆည်ငယ်များ တည်ဆောက်ရန် ထိုင်းအစိုးရက စီစဉ်နေသည်ဟုလည်း ပြောဆိုထားသည်။
ပြီးခဲ့သည့် နှစ်ကလည်း ထိုင်းဘက်ခြမ်း မယ်ဆိုင်နှင့် မြန်မာဘက်ခြမ်း တာချီလိတ်တွင် စံချိန်တင် ရေကြီးမှု ဖြစ်ပွာခဲ့ပြီး အဆိုပါ ရေကြီးရေလျှံမှုများမှာ သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ဆက်စပ်နေသည်ဟု ပြောဆိုမှုမျာလည်း ရှိခဲ့သည်။
ယခုနှစ်အတွက်လည်း တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေလျှံနိုင်သည့် အခြေအနေကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။
ပုံစာ – ထိုင်းနိုင်ငံတွင်း ရေကြီးမှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် မြင်ကွင်း (ပုံဟောင်း)