

ဒေသခံတစ်ဦးက “ဒီနေ့ပဲ ရွှေအေးမြိုင်ကို ထပ်ရပြီ။ ၁၂ နာရီကျော်လောက်က ရသွားတာ” ဟု ဆိုသည်။
ရွှေအေးမြိုင်ဘုရားကုန်းစခန်းသည် ကရင်ပြည်နယ်၊ ဝေါ်လေလမ်းပိုင်းရှိ ဥကရစ်ထစခန်း၏ ကာကင်းကုန်းဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအဆင့်အပါအဝင် စခန်းတစ်ခုလုံးရှိ စစ်သားများ KTLA စစ်ကြောင်းထံ လက်နက်ချအလင်းဝင်ရောက်ခဲ့သေးသည်။
ယမန်နေ့ ညဦးပိုင်းကလည်း ကနဲလေးစခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသည်ဟု ပူးပေါင်းတပ်ဖွဲ့တစ်ဦးက ဆိုသည်။
၎င်းက “မနေ့က ညမှာ ကနဲလေးကို ရသွားတာလေ။ စစ်ကောင်စီဘက်က ထွက်ပြေးတာတွေရှိတယ်။ သူတို့က တစ်ခုခုဖြစ်ပြီဆို ထိုင်းဘက်ကိုပဲ ထွက်ပြေးတာ အကုန်လုံးက သိနေတယ်။ ကျွန်တော်တို့သာ ဒီထိုင်းနယ်စပ်မှာရှိတဲ့ ရန်သူ့စခန်းတွေ သိမ်းနိုင်ရင်တော့ ထိုင်းဘက်လည်း အသံပြောင်းလာမှာပေါ့နော်” ဟု ပြောသည်။
စစ်ကောင်စီတပ်၏ ကနဲလေးစစ်စခန်းကို မေလ ၂၁ ရက်ကတည်းက တိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့ မေလ ၂၈ ရက်ညပိုင်းတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့နံနက်ပိုင်း DKBA ဌာနချုပ် ဆုံဆည်းမြိုင်ကျေးရွာသို့ ရောက်ရှိလာသည့် အင်အား ၇၂ ဦးပါ စစ်တပ်စစ်ကြောင်းတစ်ခုလုံးကို အပြီးသတ် ချေမှုန်းတိုက်ခိုက်ခဲ့ပြီးနောက် ညပိုင်းတွင် စစ်ကောင်စီတပ်၏ ကနဲလေးစခန်းကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်မှာ မြဝတီ – ဝေါ်လေကားလမ်းတလျှောက်တွင် ဝေါလေ ဗျူဟာ၊ ဥကရစ်ထ၊ သေ့ဘောဘိုးစသည့် စစ်ကောင်စီတပ်စခန်းများ ကျန်ရှိပြီး ဝေါ်လေအကျော်တွင် မော်ခီး၊ ထီးကပလယ် စသည့်စခန်းများ ကျန်ရှိနေသေးသည်။
ပုံစာ – ယမန်နေ့ညက သိမ်းပိုက်နိုင်ခဲ့သည့် ကနဲလေးစစ်စခန်းမြင်ကွင်း (ဓာတ်ပုံ – KNDO တပ်ရင်း ၈)