ထိုင်းမြန်မာနယ်စပ်၊ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည့် ကနဲလေးစခန်းကို ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ညက သိမ်းပိုက်နိုင်ခဲ့သည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ စစ်စခန်းက ပူးပေါင်းတပ်များက မေလ ၂၁ ရက်ကတည်းက စတင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့ မေလ ၂၈ ရက် ညတွင် အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLAနှင့် ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် အဆိုပါ စစ်စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုများ ရှိပေမယ့် လက်ရှိမှာ ရှင်းလင်းနေဆဲဖြစ်သည်ဟု သိရသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ KNLA နှင့် ပူးပေါင်းတပ်များသည် ယခုနှစ် မတ်လကတည်းက ထိုင်းမြန်မာနယ်စပ်အနီး သောင်ရင်းမြစ်တစ်လျှောက်ရှိ စခန်းများကို ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်း ၉ ခုနှင့် အထက် သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်။
အဆိုပါစခန်းများထဲတွင် စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း၊ တာလယ်စခန်း၊ မယ်လစခန်း၊ မော်ဖိုးကေစစ်စခန်းနှင့် ဘလက်ဒိုစခန်းနှင် ကနဲလေးစခန်းများကို သိမ်းယူနိုင်ခဲ့ပြီး သေ့ဘောဘိုးစခန်းကိုလည်း ဆက်လက် တိုက်ခိုက်နေဆဲဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီဘက်မှလည်း လက်နက်ကြီး လေကြောင်းပစ်ကူများကို ဆက်တိုက် လုပ်ဆောင်နေပြီး စစ်အင်အားဖြည့်တင်းနိုင်ရန်လည်း နည်းမျိုးစုံဖြင့် ကြိုးစားလျက်ရှိသည်။
ပုံစာ – ကရင်ပြည်နယ် တိုက်ပွဲတွင်း ပူးပေါင်းတပ်ဖွဲ့ဝင်များ (ပုံဟောင်း)