ခင်သရဖီဦး
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် တောင်ပေါ်မူဆလင် ဒုက္ခသည်စခန်းတွင် မိုးရာသီကျလာရောက်လာသည့်အတွက် လက်ရှိနေထိုင်နေသည့် နေအိမ်များမှာ ယိုးယွင်းပျက်စီးလာနေသောကြောင့်အကူအညီများ လိုအပ်နေသည်ဟု စခန်းတွင် နေထိုင်သူများထံမှ သိရသည်။
လက်ရှိနေထိုင်နေသည့် နေအိမ်များမှာ ခေါင်းမိုးအပြင် အကာအရံများမှာလည်း ပျက်စီးလာသည့်အတွက် အကူအညီလိုအပ်နေခြင်းဖြစ်သည်ဟု စခန်းတာဝန်ခံ ဦးမောင်တင်အောင်က ပြောသည်။
“ကျနော်တို့ အဓိက အခုမိုးရာသီလေ၊ ရောက်လာတော့ အမိုးအကာတွေ လိုတာပေါ့လေ။ ခေါင်းမိုးတွေက လုံးဝ ပျက်စီးနေတာ။ နေအိမ်တွေကလည်း အကုန်လုံးနီးပါး ပြန်ပြုပြင်ရမယ့်အနေအထားမှာ ရှိနေတယ်။ အကူအညီတွေလည်း မရတော့ ပိုဆိုးတာပေါ့။ အိမ်က ပြန်ပြီး ပြုပြင်ဖို့ထက် အသစ်ဆောက်ရမယ့် အနေအထားတွေပါ” ဟု ၎င်းက ဆိုသည်။
တောင်ပေါ် မူဆလင် ဒုက္ခသည်စခန်းတွင် နေအိမ် စုစုပေါင်း ၇၂၀ ခန့်ရှိပြီး လူဦးရေ ၃၈၀၀ ခန့် နေသည်။
ယင်းဒုက္ခသည်များအနေဖြင့် လက်ရှိတွင် ထောက်ပံ့ပေးသည့် အဖွဲ့အစည်းများ လုံးဝမရှိတော့သည့်အပြင် အလုပ်အကိုင်လည်း ရှားပါးသည့်အတွက် နေအိမ်ပြုပြင်ရန် ခက်ခဲနေသည်ဟု စခန်းမှ ဒေါ် တင်လှက ဆိုသည်။
“အခုက ထမင်းတောင် နပ်မှန်အောင် မစားနိုင်ဘူးလေ။ အိမ်တွေက မိုးရာသီရောက်ရင် နေထိုင်ကလည်း အဆင်မပြေဘူး။ အိမ်ခန်း သုံးခန်းမှာ တစ်ခန်းပဲ မိုးလွတ်တယ်။ နောက်အခန်းတွေက နေလို့ မရဘူး။ လုပ်ဖို့အတွက် ပိုက်ဆံလည်း မရှိဘူး” ဟု ၎င်းက ပြောသည်။
မိုးရာသီတွင် နေထိုင်နိုင်ရန်အတွက် အမိုးအကာများ၊ တာပေါ်လင်များကိုလည်း ထောက်ပံ့မှုရချင်ကြောင်း ၎င်းတို့က တောင်းဆိုကြသည်။
အဆိုပါစခန်းတွင် နေထိုင်သည့် ဒုက္ခသည်များအနေဖြင့် ယခင်က WFP, ICRC စသည့် နိုင်ငံတကာ အဖွဲ့အစည်းများမှ လောင်စာ၊ စားနပ်ရိက္ခာ၊ ငွေကြေးထောက်ပံ့မှုများ လည်ပတ်နေသည့် စခန်းဖြစ်သောကြောင့် လက်ရှိ ထောက်ပံ့ကြေးရပ်ဆိုင်းသွားသည့်အတွက် ပိုမိုခက်ခဲနေခြင်းဖြစ်သည်။
ပုံစာ – မြေပုံမြို့နယ်ရှိ တောင်ပေါ် မူစလင်စခန်းမြင်ကွင်း (ဓာတ်ပုံ – သံလွင်ခက်)



