ဉာဏ်ပညာနှင့်ယှဉ်သည့် တော်လှန်ရေးကိုသာ ဖော်ဆောင်မည်
——–
ဇန်နဝါရီ ၃၊၂၀၂၂။
စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်ရာ၌ ဉာဏ်ပညာနှင့်ယှဉ်သည့် တော်လှန်ရေးကိုသာ ဖော်ဆောင်မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး – ABSDF တပ်ဖွဲ့ဝင်များက ပြောသည်။
ဉာဏ်ပညာနှင့်ယှဉ်သည့် တော်လှန်ရေးကို ဖော်ဆောင်ရန် နှင့်အထောက်အပံ့ဖြစ်စေရန် “ဖန်မီးအိမ်”အမည်ရှိ စာကြည့်တိုက်ကိုလည်း ဖွင့်လှစ်ထားသည်ဟု ABSDF က ဇန်နဝါရီလ ၁ ရက်နေ့တွင် ကြေညာထားသည်။
“ ကျည်တစ်တောင့် ပစ်လိုက်တိုင်း ဘာကြောင့် ပစ်လိုက်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို သိဖို့ အရေးကြီးပါတယ်။ ဦးတည်ချက်မရှိဘဲ လမ်းလျှောက်ရင် ခရီးပေါက်ပေမယ့် ခရီးမရောက်ပါဘူး။ တော်လှန်ရေးမှာ စစ်တပ်ကိုမုန်းလို့၊ မင်းအောင်လှိုင်ကို မုန်းလို့ဆိုတဲ့ ရည်ရွယ်ချက်ထက် ပိုတဲ့ ခိုင်မာတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဖို့ လိုပါတယ်။ အဲ့အတွက် လေ့လာဖို့လိုတယ်၊ စာဖတ်ဖို့လိုတယ် ” ဟု ABSDF တပ်ဖွဲ့ဝင် ရဲဘော် ဆတ်ကြီးက သံလွင်ခက်ကို ပြောသည်။
၎င်း တို့အခြေချရာ ABSDF စခန်း၌ အင်တာနက် ကောင်းစွာမရရှိသဖြင့် အွန်လိုင်းမှတဆင့် ဆက်သွယ်သင်ကြားရေး လုပ်ငန်းများ လုပ်ဆောင်ရန် ခက်ခဲလျှက်ရှိရာ တပ်ဖွဲ့ဝင်ရဲဘော်များ အပြင်လောကနှင့် အဆက်အသွယ်ပြတ်မသွားစေရန် စာကြည့်တိုက် ဖွင့်လှစ်ရခြင်းဖြစ်သည် ဟု ၎င်းက ဆက်ပြောသည်။
“ တောခိုပြီ ဆိုကတည်းက ကျွန်တော်တို့ တစ်ကိုယ်စာပဲ သယ်လာရတာ။ စာအုပ်တွေ သယ်နိုင်လည်း တစ်အုပ်၊ နှစ်အုပ်ပဲ။ အဲ့တော့ အွန်လိုင်းမရှိ၊ စာအုပ်မရှိတဲ့နေရာမှာ စာကြည့်တိုက်လေး တစ်ခု ဖြစ်ပေါ်လာဖို့က အရမ်းကို အရေးကြီးပါတယ်။ ရဲဘော်တွေအတွက် ကမ္ဘာကြီးနဲ့ အဆက်အသွယ်မပြတ်သွားဖို့၊ လေ့လာမှု မပြတ်သွားဖို့လိုတယ် ” ဟု ရဲဘော် ဆတ်ကြီးက ပြောသည်။
“ဖန်မီးအိမ်”စာကြည့်တိုက် ဖြစ်ပေါ်လာစေရန် တစ်နှစ်ပတ်လုံးကြိုးစားခဲ့ရပြီး လက်ရှိတွင် စာအုပ်ပေါင်း ၆၀၀ ကျော်အထိဖြည့်တင်းထားနိုင်ပြီ ဖြစ်သည်ဟု စာကြည့်တိုက် တာဝန်ခံက ဆိုသည်။
စာအုပ်လှူဒါန်းလိုသည့် အလှူရှင်များ ပြည်သူများအနေဖြင့် သောင်ရင်း – Thaung Yinn အမည်ရှိ facebook page သို့ ဆက်သွယ်ကာ လှူဒါန်းနိုင်သည်ဟုလည်း အသိပေးထားသည်။
တော်လှန်ရေးကာလအလွန် ပြန်လည်တည်ဆောက်ရေးတွင် ထက်မြက်သည့် ဦးနှောက်နှင့် စာနာတတ်သည့် နှလုံးသားလိုအပ်သဖြင့် လက်တစ်ဖက်က သေနက်ကိုင်နေချိန် ကျန်တစ်ဖက်က စာအုပ်ကိုင်ရန် အရေးကြီးသည်ဟု ABSDF တပ်ဖွဲ့ဝင် ရဲဘော်များက ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရင့်သန်လာစေရန်အတွက် ပြည်သူများအနေဖြင့်လည်း ကူညီထောက်ပံ့ပေးကြဖို့ ABSDF ရဲဘော်များက မေတ္တာရပ်ခံထားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး – ABSDF ကို ၁၉၉၈ ခုနစ်က စတင်တည်ထောင်ခဲ့ပြီး လွန်ခဲ့သည့် ၂၀၂၂ ခုနစ် နိုဝင်ဘာလ ၁ ရက်နေ့၌ ၃၄ နှစ်ပြည့်မြောက်ခဲ့ပြီး ဖြစ်သည်။
စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ABSDF အနေဖြင့် စစ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေးနှင့် သံတမန်ရေးလုပ်ငန်းစဉ်များ၌ အရှိန်မြှင့်ဆောင်ရွက်လျှက်ရှိသည်ဟုလည်း ထုတ်ပြန်ထားသည်။
ပုံစာ – ABSDF တပ်စခန်းတွင် ဖွင့်လှစ်ထားသည့် ” ဖန်မီးအိမ် ” စာကြည့်တိုက်။
Photo – ရဲဘော်ခင်