ပဲခူးရိုးမပေါ် တက်ရောက်ခွင့် စစ်ကောင်စီ ကန့်သတ်
********************
ဇန်နဝါရီ ၃၊ ၂၀၂၃။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းကျေးရွာ အနီးတစ်ဝိုက် ကျေးရွာများရှိ ဒေသခံများကို ပဲခူးရိုးမပေါ် တက်ရောက်ခွင့် ကန့်သတ်ထားသည်ဟု ဒေသခံများက သံလွင်ခက်သတင်းဌာနကို ပြောသည်။
စစ်ကောင်စီက ရန်ကုန် – မန္တလေး အမြန်လမ်း၊ ပဲခူးရိုးမအနီး တစ်ဝိုက်ရှိ ကျေးရွာများကို ကန့်သတ်ထားခြင်း ဖြစ်သည်။
ပဲခူးရိုးမပေါ်သို့ တက်ရောက်မည်ဆိုပါက မြို့ချောင်း အုပ်ချုပ်ရေးမှူး ထောက်ခံစာ ပါမှသာ တက်ရောက်ခွင့်ပြုမည်ဟု ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်း၏ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက ကြေညာခဲ့သည်။
မြို့ချောင်းကျေးရွာ ဒေသခံတစ်ဦးက “ ပဲခူးရိုးမ မင်းလှ – စိန်ကန့်လန့် လမ်းကနေ တောင်ပေါ်သွားမယ်ဆိုရင် မြို့ချောင်းအုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ တက်ခွင့်ပြုမယ်လို့ အဓိက ပြောသွားတာ ” ဟုဆိုသည်။
ပဲခူးရိုးမပေါ် တက်ရန်အတွက် အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ခံစာသွားလုပ်သည့်အခါတွင်လည်း ငွေကြေးကောက်ခံမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံအမျိုးသားတစ်ဦးက ” ထောက်ခံစာလုပ်ရင်လည်း ၅ ရက်အတောတွင်းပဲရတယ်။ ၅ ရက်ပြည့်သွားရင် သူတို့ဆီပြန်ပြီး အသစ်သွားလုပ်ရတယ်။ နောက်ပြီး ထောက်ခံစာ တစ်ခါလုပ်ရင် သူတို့ကို ငါးထောင်ပေးရတယ် ” ဟု ပြောသည်။
မြို့ချောင်းကျေးရွာအနီးတစ်ဝိုက် ကျေးရွာများရှိ ဒေသခံများသည် ပဲခူးရိုးမကို အမှီပြုကာ တောင်ယာလုပ်ငန်းနှင့် အခြားအသက်မွေးကြောင်း လုပ်ငန်းများလုပ်ကိုင် ရှာဖွေရင်း စားဝတ်နေရေး ဖြေရှင်းနေရသူများ ဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဆက်စပ် ဆောင်ရွက်မည်ကို စစ်ကောင်စီက စိုးရိမ်သည့်အတွက် ကန့်သတ်ခြင်းဖြစ်သည်ဟု ဒေသခံ အချို့က သုံးသပ်သည်။
စစ်ကောင်စီက ရိုးမပေါ် တက်ရောက်ခွင့် ကန့်သတ်မှုနှင့်အတူ ငွေကြေးတောင်းခံများရှိနေသည့်အတွက် အခြေခံ လက်လုပ်လက်စား ပြည်သူများ တောင်ပေါ်သို့ သွားရောက် လုပ်ကိုင်ရန် အခက်အခဲဖြစ်ပေါ် လျှက်ရှိသည်။
ပုံစာ – မြို့ချောင်းရွာ အနီးတွင် ရှိသည့် ပဲခူးရိုးမ မြင်ကွင်း။