စစ်ကူလာသည့် စစ်ကြောင်းတိုက်ခိုက်ခံရပြီးနောက် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာကို စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။
ယနေ့ နေ့လည် ၁ နာရီကျော်တွင် စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ထိခိုက်မှုများရှိသည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
၎င်းက “အခုက လေယာဥ်ကြဲသွားပြီ။ ရွာထဲမှာ။ ရွာသားကလေး တစ်ယောက် ထိတယ်လို့ပဲ သိရသေးတယ်။ ကျန်တာတော့ မသိရသေးဘူး” ဟုဆိုသည်။
လေကြောင်းကြဲခံရမှုကြောင့် မြေပြင်ထိခိုက်မှုအခြေအနေကို သံလွင်ခက်က အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
သေ့ဘောဘိုးဗျူဟာမကျရေးအတွက် ဝေါ်လေစခန်းရှိ စစ်ကောင်စီတပ်သာများသည် စစ်ကူအနေဖြင့် သွားရောက်ဖို့ ရည်ရွယ်ကာ ထိုင်းနိုင်ငံမှတဆင့် ဒီမိုကရက်တစ်ကရင်အကျိုးပြုတပ်မတော် – DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာသို့ ယမန်နေ့တွင် ဝင်ရောက်ခိုလှုံခဲ့သည်။
ထို့သို့သွားရောက်ခိုလှုံခြင်းကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်ဘက်မှ ယနေ့နံနက်တွင် အဆိုပါ စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုအပြင် တပ်သားတချို့ ဖမ်းဆီးရမိခြင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခြင်းများ ရှိခဲ့သည်။
ဓါတ်ပုံ – မြဝတီမြို့၊ ချစ်ကြည်ရေးတံတား ၂ အနီးသို့ ၂၀၂၄ ခုနှစ်က စစ်ကောင်စီဗုံးကြဲတိုက်ခိုက်စဉ်(သံလွင်ခက်)