ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစခန်းသို့ စစ်ကူလာသော စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်များက ချေမှုန်းနိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါ စစ်ကြောင်းသည် အင်အား ၇၀ ကျော်ရှိပြီး ၃၀ ဦးခန့်ကိုအရှင်ဖမ်းမိထားသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
၎င်းက “ဖမ်းမိထားတာ အယောက် ၃၀ လောက်ရှိမယ်။ လောလောဆယ် ဖမ်းမိထားသူတွေကို ကား သုံးစီးနဲ့ ခေါ်သွားပြီး” ဟု ဆိုသည်။
ယမန်နေ့နှင့် ယနေ့နံနက်တွင် အဆိုပါစစ်ကြောင်းရှိသည့် နေရာဖြစ်သည့် DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်အနီးသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်နေခြင်းဖြစ်သည်။
အခြားမြေပြင်ရဲဘော်တစ်ဦးက ” ဒီနေ့မနက်တော့ သူတို့လက်နက်တွေကို သိမ်းတယ်။ သူတို့ဘက်က အများကြီး သေတယ်။ လောလောဆယ် ဖိုက်တာ (ဂျက်) လည်း လာတယ်” ဟုဆိုသည်။
ထို့ပြင် သေ့ဘောဘိုးရွာရှိ စစ်ကောင်စီစခန်းကို KNLA မဟာမိတ်တပ်များက ပိတ်ဆို့တိုက်ခိုက်နေသည်ဟု ကနဦး သိရသည်။
ထိုသို့ ပြင်းထန်နေသည့် တိုက်ပွဲများအကြောင်း ဒေသခံများ ထိုင်းဘက်ခြမ်းနှင့် မြန်မာဘက်ခြမ်း လုံခြုံသည့်နေရာများတွင် လတ်တလော တိမ်းရှောင်နေကြရသည်။
ဗီဒီယို – သေ့ဘောဘိုးစခန်းသို့ စစ်ကူသွားမည့် စစ်ကောင်စီတပ်သားများကို ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ရာ အရှင်ဖမ်းမိသည့် ရုပ်သံ။