နိုင်ငံအနှံ့ စစ်မျက်နှာတွေမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေအတွင်း သူလျှို၊ ဒလန်တွေ စေလွှတ်ပြီး သတင်းအချက်အလက်တွေ ထောက်လှမ်းရယူနေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ အထူးဂရုပြုသင့်တယ်လို့ MDY – PDF က ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီမှာ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း သူတို့ စေလွှတ်ထားတဲ့ အသက် ၂၀ ဝန်းကျင်အရွယ် သူလျှို၊ ဒလန်တွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို ပုံစံမျိုးစုံနဲ့ ဝင်ရောက်လာပြီး သတင်းအချက်အလက်တွေ ထောက်လှမ်းရယူနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒါမှမဟုတ် စစ်တပ်ထောက်ခံသူအရပ်သားတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေထဲ အသွင်ယူဝင်ရောက်လာကြတယ်လို့ ဆိုပါတယ်။ သူတို့က တည်နေရာ စုံစမ်းတာ၊ အချင်းချင်း သွေးကွဲအောင် ရန်တိုက်တာနဲ့ တပ်ဖွဲ့ကို စွန့်ခွာဖို့အတွက် ဆွဲဆောင်စည်းရုံးတာ စတဲ့ လုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်နေတာပါ။
ဒါ့အပြင် တပ်သားသစ်စုဆောင်းရေးကာလအတွင်း သူလျှို၊ ဒလန်တွေက တခြားလူငယ်တွေနဲ့ ရင်းနှီးလာစေဖို့ စနစ်တကျ ကြိုးစားအားထုတ်ခဲ့ကြပြီး အမည်ရင်း၊ နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို တောင်းယူ စုဆောင်းခဲ့ကြပါတယ်။
သင်တန်းကာလတလျှောက်မှာလည်း တပ်ဖွဲ့ကနေ စွန့်ခွာစေမယ့် အတွေးအခေါ်တွေကို သင်တန်းသား အချင်းချင်းကြား ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေတာတွေ ရှိနေပါတယ်။ တပ်ဖွဲ့နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို တတ်နိုင်သလောက် စုဆောင်းပြီးနောက်မှာတော့ တပ်ဖွဲ့တွေကနေ စွန့်ခွာသွားကြပါတယ်။
တပ်က ထွက်ပြေးပြီးနောက်မှာလည်း ပုံစံမျိုးစုံ နည်းလမ်းပေါင်းစုံအသုံးပြုပြီး တခြားသော တပ်ဖွဲ့ဝင်လူငယ်တွေကိုပါ စည်းရုံးကာ တပ်ကနေထွက်ပြေးကြဖို့ လှုံ့ဆော်တာနဲ့ တပ်ကနေထွက်ပြေးချိန်မှာ လမ်းကြောင်း အကူအညီရှာဖွေပေးတာကိုပါ စနစ်တကျ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီက စနစ်တကျလေ့ကျင့်ပေးထားတဲ့ လူငယ်လူရွယ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေဆီ စေလွှတ်ပြီး သတင်းအချက်အလက်တွေရယူတာ၊ တော်လှန်ရေးအဖွဲ့အစည်းတွေကြား သွေးကွဲအောင် လှုံ့ဆော်တာ စတဲ့ နည်းလမ်းတွေ သုံးပြီး စစ်ရေးအသာစီးရဖို့ ကြိုးပမ်းလာနေပါတယ်။
ဒါကြောင့်လည်း တော်လှန်ရေးတပ်ဖွဲ့တွေထဲ ပုံစံမျိုးစုံနဲ့ ဝင်ရောက်နေကြတဲ့ သူလျှို၊ ဒလန်တွေကို တော်လှန်ရေးအင်အားစုတွေဘက်က သတိကြီးကြီးထားကိုင်တွယ်ဖို့လိုသလို စစ်ကောင်စီရဲ့ အသွင်ယူ ထောက်လှမ်းမှုယန္တရားပုံစံတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက နမူနာယူပြီး လုံခြုံရေးအစီအမံတွေ ချမှတ်ထားဖို့ အထူးလိုအပ်တယ်လို့ ဆိုထားပါတယ်။


