လာမည့် ဇွန်လ ၁ ရက်မှ စ၍ မော်တော်ဆိုင်ကယ်မောင်းသူများ ဦးထုပ် မဆောင်းပါက ဘတ် ၂၀၀၀ အထိ ဒဏ်ငွေ ကျခံရမည်ဟု ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ (RTP) က သတင်းထုတ်ပြန်ခဲ့သည်။
မြေပြင်ယာဉ်သွားလမ်းဥပဒေ ပုဒ်မ ၁၂၂ အရ ထိခိုက်ဒဏ်ရာရမှုကို ကာကွယ်ရန် မောင်းသူရော စီးနင်းသူ နှစ်ဦးစလုံး ဦးထုပ်ဆောင်းရန် လိုအပ်သည်ဟု ဖော်ပြထားသည်။ ချိုးဖောက်မှုများအတွက် ထိုင်းဘတ် ၂၀၀၀ အထိ ဒဏ်ငွေ ချမှတ်မည်ဖြစ်ပြီး မောင်းသူရော စီးနင်းသူပါ နှစ်ဦးစလုံး ဆိုက်ကယ်ဦးထုပ် မဆောင်းသည်ကို တွေ့ရှိပါက ဒဏ်ငွေ နှစ်ဆ ကျခံရမည်ဟု သိရသည်။
“လုံခြုံသော လမ်းမကြီးစီမံကိန်း” အရ ယခုအစီအစဉ်ကို နိုင်ငံတဝှမ်းတွင် အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး ယာဉ်သွားလမ်းများစွာရှိသော ဧရိယာများ၊ စည်းကမ်းမဲ့မှုများ မကြာခဏဖြစ်ပွားသော လမ်းများ၊ မတော်တဆမှုများ ဖြစ်လေ့ရှိသော နေရာများနှင့် ကျောင်းများ အနီးရှိ နေရာများတွင် အဓိက အာရုံစိုက်သွားမည်ဟု ယာဉ်သွားလမ်းရဲတပ်ဖွဲ့ စစ်ကဲချုပ်နှင့် RTP ၏ ယာဉ်သွားလမ်းရဲ ပုံရိပ်တိုးတက်ရေး အလုပ်အဖွဲ့ အကြီးအကဲ ရဲဗိုလ်မှူးချုပ် နိတိတော်န် ချင်တကနုန်က ရှင်းပြခဲ့သည်။
ရည်ရွယ်ချက်မှာ လမ်းသွားလမ်းလာ ဘေးကင်းရေး ဥပဒေများ အထူးသဖြင့် မော်တော်ဆိုင်ကယ်မောင်းသူများနှင့် စီးနင်းသူများအတွက် မဖြစ်မနေ ဆောင်းရမည့် ဆိုင်ကယ်ဦးထုပ်သုံးစွဲမှုကို တင်းကျပ်စွာ လိုက်နာစေရန် ဖြစ်သည်ဟု ဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဒေသခံအာဏာပိုင်များသည် “လုံခြုံသော လမ်းမကြီးစီမံကိန်း” ကို ကြေညာရန်နှင့် ပြည်သူများ လိုက်နာအောင် အားပေးရန် ပူးပေါင်းလုပ်ဆောင်နေကြသည်။
အဆိုပါကမ်ပိန်းတွင် ဒေသန္တရအစိုးရများ၊ ပညာရေးအဖွဲ့အစည်းများနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်ပြီး လမ်းသွားလမ်းလာ ဘေးကင်းရေးကို မြှင့်တင်ရန် အားလုံး ပူးပေါင်းဆောင်ရွက်နေကြသည်ဟု သိရသည်။
နောက်ထပ်အချက်အလက်များ သိရှိလိုပါက သို့မဟုတ် ယာဉ်သွားလမ်းဆိုင်ရာ ပြဿနာများ အစီရင်ခံလိုပါက ယာဉ်သွားလမ်းရဲ ဟော့လိုင်း ၁၁၉၇ သို့မဟုတ် အဝေးပြေးလမ်းမကြီးရဲ ၁၁၉၃ သို့ ၂၄ နာရီ ဆက်သွယ်နိုင်သည်ဟုလည်း ဖော်ပြထားသည်။