နှစ်သစ်ကြိုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ
********************
ဇန်နဝါရီ ၃၊ ၂၀၂၂။
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီရဲစခန်းတွင် နှစ်သစ်ကူးကြိုနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ပွင့်ဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ရက်နေ့ ည ၉ နာရီခန့်တွင် ဝင်ရောက်ပစ်ခတ် ခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုရာဇာကြီးက သံလွင်ခက်ကိုပြောသည်။
” အားနည်းချက် အဖြစ်ဆုံးအချိန် သောက်စားပြီး သတိလက်လွတ်နေတဲ့ အချိန်ကို ရွေးချယ်ပြီး တိုက်ခိုက်တာပါဗျ။ နှစ်ယောက် သေဆုံးပြီး သုံးယောက် ထိခိုက်ဒဏ်ရာရပါတယ် ” ဟု ကိုရာဇာကြီးကပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခံရပြီးနောက် စခန်းဝန်းကျင်သို့ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် အဆိုပါ ရဲစခန်းကို ရှော့တိုက်ဒုန်း လေးလုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကိုရာဇာကြီးက ပြောသည်။
” ကျွန်တော်တို့ ရှော့ဒုန်းတွေက လက်လုပ်ဒုန်းတွေပါ၊ ကြိုပြီး ဆင်ထားရတော့ ရှို့ကြိုးတွေ အေးပြီး အစိုဓာတ်ရိုက် သွားတာကြောင့် သုံးလုံးက မပေါက်ကွဲဘဲ ဖြစ်သွားသေးတယ် ” ဟု ၎င်းက ဆိုသည်။
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့က ပွင့်ဖြူမြို့နယ် ပုသိမ်-မုံရွာကားလမ်း မဲဇလီကြိုးတံတား အနီးတွင် တိုက်ခိုက်ခံရကာ ကျဆုံးခဲ့ရသည့် သရက် – ကံမ တော်လှန်ရေးရဲဘော် ၁၂ ဦးအတွက် လက်တုံ့ပြန်သည့်အနေဖြင့် ဆောင်ရွက်ခြင်း ဖြစ်သလို ပြည်သူများအတွက် နှစ်သစ်ကူးလက်ဆောင်အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက သံလွင်ခက်ကို ပြောသည်။
ပုံစာ -၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းက လုံခြုံရေးတာဝန်ယူ နေသည့် ပွင့်ဖြူ ရဲတပ်ဖွဲ့ဝင်များ မြင်ကွင်း။
ဓာတ်ပုံ – ပွင့်ဖြူဟစ်တိုင်။