ခင်သရဖီဦး
အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားသည့် ပေါက်တောမြို့နယ်ရှိ စစ်ဘေးရှောင်များမှာ လာရောက်လှူသည့် အဖွဲ့အစည်းများ မရှိသည့်အတွက် စားဝတ်နေရေး ကျပ်တည်းလာပြီး စားနပ်ရိက္ခာအကူအညီများလိုအပ်နေသည်ဟု စစ်ဘေးရှောင်များထံမှ သိရသည်။
ပေါက်တောမြို့နယ်တွင် စစ်ရှောင်ဦးရေ သောင်းနှင့်ချီ ရှိနေသေးပြီး မြို့ပေါ်ရပ်ကွက်များအပြင် စစ်တွေ့မြို့နှင့် နီးစပ်သည့်ကျေးရွာများမှ ဒေသခံများလည်း စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် လက်ရှိအချိန်အထိ စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်။
ပေါက်တောမြို့ ရပ်ကွက် (၁) မှ သရက်ချိုကျေးရွာတွင် စစ်ဘေးရှောင်နေသည့် အသက် ၂၇ နှစ်အရွယ် လူငယ်တစ်ဦးက ”အရင်ကတော့ စစ်ဘေးရှောင်တွေအတွက် ထောက်ပံ့ကြေးတွေ ရတယ်။ အခုကတော့ မရတာ ၄ လလောက်တောင် ကြာပြီ။ အလုပ်တွေကလည်း မကျတော့ စားရေးသောက်ရေးက အဆင်မပြေဘူး” ဟု ပြောသည်။
ပေါက်တောတွင် မြို့ပေါ်ရပ်ကွက်များအပါအဝင် မနော်သီရီကျေးရွာ၊ ဆင်တက်မော်ကျေးရွာ၊ လက်ပံပြားကျေးရွာ၊ တောင်ညိုကျေးရွာ၊ ငပြီကျွန်းကျေးရွာ၊ ဆင်ပိုက်ကျေးရွာ၊ ကြိမ်ခွေမော်ကျေးရွာနှင့် ပြိုင်းတောင်ကျေးရွာ စသည့်ကျေးရွာ အများအပြားမှ ဒေသခံများမှာလည်း စစ်ဘေးရှောင်နေကြရသည်။
ယင်းစစ်ရှောင်များမှာ ဘေးလွတ်ရာ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် နီးစပ်ရာ ဆွေးမျိုးနေအိမ်များတွင် သွားရောက်ခိုလုံနေကြရသည်။ ထိုစစ်ဘေးရှောင်များအနေဖြင့် လက်ရှိတွင် အလုပ်အကိုင်မရှိခြင်းအပြင် ယခင်ရရှိခဲ့သည့် ထောက်ပံ့ကြေးများလည်း မရရှိတော့သည့်အတွက် အကြွေးများ တင်နေသည်ဟု ပေါက်တောမြို့ ဘဝမ်းရပ်ကွက်မှ ငခူချောင်းကျေးရွာတွင် စစ်ရှောင်နေသည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
“ရွာက ဆိုင်တွေမှာ အကြွေးတွေ ဝယ်စားတာတွေရှိတယ်။ ဆိုင်ရှင်တွေကလည်း အရင်ကဆို ပေးရောင်းတယ်။ နှစ်လ တစ်ခါ ပိုက်ဆံ လကုန်လောက်ဆိုရင်တော့ ရှင်းပြီး ဝယ်စားလို့ရတာပေါ့လေ။ အခုက လုံးဝ မရတာ ၄ လလောက်ကြာတော့ ဆိုင်တွေကလည်း မရောင်းတော့ဘူး။ ကျမတို့ကလည်း မဝယ်စားရဲတော့ဘူးလေ” ဟု ၎င်းက ပြောသည်။
ယခင်က စစ်ဘေးရှောင်တစ်ဦးလျှင် တစ်လ ထောက်ပံ့ငွေ ၄၄၀၀၀ ကျပ် ရရှိခဲ့ပြီး အလှူလာပေးသည့် အဖွဲ့အစည်းများအနေဖြင့်လည်း နှစ်လ တစ်ကြိမ် ထောက်ပံ့ပေးခဲ့သော်လည်း လက်ရှိတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ပြီး ထောက်ပံ့ကြေး မရရှိတော့ခြင်းဖြစ်သည်။
လက်ရှိတွင် ယင်းစစ်ဘေးရှောင်များအနေဖြင့် ဆန်၊ ရိက္ခာ၊ သောက်သုံးရေ၊ မိုးရာသီအတွက် အမိုးအကာများ လိုအပ်လျက်ရှိသည်။ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့၏ တိုက်ပွဲ တစ်နှစ်ကျော်အတွင်း နေရပ်စွန့်ခွာသူ စစ်ဘေးရှောင်ဦးရေ ၆ သိန်းကျော်အထိ ရှိနေသည်။
ပုံစာ – ပေါက်တောမြို့နယ်မှ စစ်ဘေးရှောင်လာသည့် မိသားစု (ဓာတ်ပုံ – သံလွင်ခက်)