အခုနှစ်ကုန်မှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ စီစဥ်နေပေမယ့် ပြည်သူတွေ အပြည့်အဝ ပူးပေါင်းပါဝင်မှာမဟုတ်တဲ့အတွက် အရာထင်မှာမဟုတ်ဘူးလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ ၄၆ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ ဝန်ကြီးက မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးက ခက်ခဲကြမ်းတမ်းပြီး လွယ်ကူချောမွေ့လာအောင် ဆောင်ရွက်ရမှာဖြစ်ကြောင်းနဲ့ ပြည်သူလူထုရဲ့ ဆင်းရဲဒုက္ခတွေ သက်သာရာရစေဖို့ ရန်လိုမှုတွေအားလုံးကို ရပ်တန့်ကြဖို့ စစ်ကောင်စီနဲ့ အတိုက်အခံအားလုံးကို တိုက်တွန်းခဲ့တာပါ။
မလေးရှားဝန်ကြီးချုပ် အန်ဝါ ဘီဘရာဟင်ကလည်း စစ်ခေါင်းဆောင်နဲ့ ဘန်ကောက်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းတွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲကို လေးစားလိုက်နာကြဖို့ သက်ဆိုင်သူအားလုံးကို တိုက်တွန်းခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်တုန်းက အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၃,၈၀၀ နီးပါး သေဆုံးခဲ့ပါတယ်။ လူပေါင်းသောင်းချီ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီးနောက် မြန်မာစစ်တပ်က အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။
စစ်ကောင်စီရဲ့အပစ်အခတ်ရပ်စဲရေးက အခုမေလအကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း စစ်ကောင်စီက တရစပ် ဆင်နွှဲနေပါတယ်။
နှစ်ဖက်အပစ်အခတ်ရပ်စဲရေးအတွက် အထူးကိုယ်စားလှယ် တစ်ဦး နေပြည်တော်ကို လာရောက်ဖို့ လိုအပ်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အလေးပေးပြောခဲ့ပါတယ်။
မိုဟာမက်ဟာ မြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးသူဖြစ်ပြီး အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးနိုင်ရေးအတွက် လာမယ့် ဇွန်လအတွင်း မြန်မာနိုင်ငံကို လာရောက်မယ်လို့သိရပါတယ်။
စစ်တိုက်နေကြသူတွေဟာ တစ်ဖက်နဲ့ တစ်ဖက် ဆန့်ကျင်ဘက်တွေဖြစ်နေကြတာကြောင့် ပြဿနာကို စိတ်ရှည်သည်းခံဖို့လိုအပ်တယ်လို့လည်း သူကပြောပါတယ်။
စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲက လွတ်လပ်ပြီး တရာမျှတမှုရှိမှာမဟုတ်ဘူးလို့ ပြည်တွင်းပြည်ပ လေ့လာသူတွေကပြောဆိုနေကြပေမယ့် စစ်ကောင်စီကတော့ ၂၀၂၅ နှစ်ကုန်အတွင်း ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပဖို့ စီစဥ်နေပါတယ်။