မကွေးအကျဉ်းထောင်တွင် ထောင်ဝန်ထမ်းများနှင့် အကျဉ်းသားများကြား တင်းမာမှုများ ဖြစ်ပွားခဲ့ပြီး ထောင်ဝန်ထမ်းများမှ သေနတ်ပစ်ဖောက်နှိမ်နင်းမှုကြောင့် နိုင်ငံရေးအကျဉ်းသား နှစ်ဦးသေဆုံးခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်တွင် မကွေးအကျဉ်းထောင်ရှေ့၌ ဒေသတွင်းအခြေစိုက် ကာကွယ်ရေးတပ် LPDF အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ချိန်တွင် အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများကြား တင်းမာမှုများဖြစ်ပွားခဲ့သည်ဟု သိရသည်။
တင်းမာမှုများကို ထောင်ဗူးဝနှင့် ကင်းမျှော်စင်မှ သေနတ်ပစ်ခတ်မှုကြောင့် ထောင်တွင်းဓမ္မာရုံတွင် နေသည့် နိုင်ငံရေးအကျဉ်းသား စောရွှေအောင်အပါအဝင် နိုင်ကျဉ်း နှစ်ဦး အနည်းဆုံး သေဆုံးခဲ့သည်ဟု PPNM က ထုတ်ပြန်ထားသည်။
မကွေးထောင်ရှေ့၌ ဖြစ်ပွားခဲ့သော အဆိုပါတိုက်ပွဲတွင် ထောင်တွင်းအကျဉ်းသားများပါဝင်သည်ဟု ထောင်အာဏာပိုင်များမှ စွပ်စွဲ၍ အကျဉ်းသား ၄၀၀ ကျော်ကို မြေပြင်တွင် ဝမ်းလျားမှောက်ခိုင်းကာ ရိုက်နှက်ခြင်းများပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီမှ မတရားဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသား ဦးဝင်းဝင်းဦးနှင့် ကိုဖြိုးတို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများသည် ထောင်အာဏာပိုင်များရိုက်နှက်မှုကြောင့် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
ထို့အပြင် ထောင်အာဏာပိုင်များမှ ရိုက်နှက်မှုများကြောင့် ဒဏ်ရာရရှိသူများကို ဆေးကုသခွင့် ပိတ်ပင်ထားပြီး နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ကိုလည်း တိုက်ပိတ်ထားသည်ဟု သိရသည်။ အကျဉ်းထောင်ရှေ့၌ ဖြစ်ပွားခဲ့သည် တိုက်ပွဲဖြစ်စဉ်ပြီးနောက်တွင် အကျဉ်းသားများကို အိမ်သာရေဖြင့် ရေချိုးခိုင်းစေခြင်းနှင့် သောက်သုံးရေများကို ဈေးကြီးပေးဝယ်နေကြရသည်ဟုလည်း PPNM က ထုတ်ပြန်ပြောဆိုထားသည်။
ယင်းကဲ့သို့ နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသားများပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုများကို ထောင်အာဏာပိုင်များမှ အပြည့်အဝ တာဝန်ယူရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။