ခင်သရဖီဦး
တိုက်ပွဲဖြစ်ပွားနေခြင်းမရှိသော်လည်း စစ်တွေမြို့ရှိ စစ်ကောင်စီတပ်ရင်းများက အနီးအနားရှိ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ စစ်တွေမြို့နယ်များရှိ ကျေးရွာများအား လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်မှုများ လုပ်နေသည်ဟု ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၂၅ ရက်မှ စတင်ကာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်ဟု ပေါက်တောဒေသခံ အသက် ၂၂ နှစ် အမျိုးသမီးငယ် တစ်ဦးက ဆိုသည်။
”တလောကတော့ ရပ်နေတာ။ အခု ပြန်ပစ်နေတာ နှစ်ရက်၊ သုံးရက်လောက်ရှိပြီ။ နေ့ဘက်တွေလည်း ပစ်သံကြားရတယ်။ ညဆိုလည်း ထထပစ်တယ်။ ဘယ်ဘက်တွေများ ကျလဲဆိုတာကိုတော့ အတိအကျမသိဘူး” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည့် ယမန့်နေ မေလ ၂၆ ရက်တွင် ရသေ့တောင်မြို့နယ်နှင့် မိုးစဲကျွန်းဘက်သို့ လက်နက်ကြီး ၁၀ လုံးခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့အတူ ပေါက်တောမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များရှိ ကျေးရွာများအားလည်း ရမ်းသမ်းပစ်ခတ်မှုများရှိနေခြင်းဖြစ်သည်။ စစ်ကောင်စီအနေဖြင့် စစ်တွေမြို့ရှိ နေဗီ (ရေတပ်) အထိုင်ချစခန်းများနှင့် တပ်ရင်းများမှ ယင်းသို့ ပစ်ခတ်နေခြင်းဖြစ်ကြောင်း ULA/AA နှင့် နီးစပ်သည့် အသက် ၄၀ အရွယ် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
၎င်းက ”အခုက တိုက်ပွဲဖြစ်နေတာမျိုးတော့ မရှိဘူး။ ဒါပေမယ့် စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ သူတို့ ရမ်းသမ်းပစ်ခတ်နေတာတွေရှိတယ်။ နောက်ပြီး ဒရုန်းတွေနဲ့လည်း ရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတာတွေရှိတယ်။ နောက်ပြီး သူတို့က ပစ်ချင်တဲ့ အချိန် ပစ်နေတာ။ အရင်တလောကတော့ နှစ်ပတ်လောက် ရပ်နေတာ အခုကတော့ ပြန်ပစ်နေတာ” ဟု ဆိုသည်။
စစ်ကောင်စီအနေဖြင့် စစ်တွေမြို့အား မြို့ဝင် မြို့ထွက် ပိတ်ဆို့ထားပြီး ဒေသခံများကိုလည်း မကြာခဏ စစ်ဆေးမှုများပြုလုပ်နေကာ အာရက္ခတပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ မကြာခဏ ဖမ်းဆီးမှုများလုပ်ဆောင်နေသည်။
ထိုသို့လုပ်ဆောင်ရာတွင်လည်း ဒေါ်စောမြရာဇာလင်း ဦးဆောင်နေသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နှင့် ပူးပေါင်း ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။