ခင်သရဖီဦး
ရခိုင်တွင် အာရက္ခတပ်တော်AA ထိန်းချုပ်သိမ်းပိုက်ထားသည့် မြို့နယ်များ၌ ULA /AA ၏ ကျန်းမာရေးဌာနက မိုးရာသီတွင် အဖြစ်များသည့် ဝမ်းရောဂါ၊ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါများအား ကာကွယ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး AA သိမ်းပိုက်ထားသည့်မြို့နယ်တချို့တွင် ကျန်းမာရေးဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
မြောက်ဦးမြို့ခံ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးက ”ကျန်းမာရေးဌာနကနေပြီးတော့ နေအိမ်တွေကို သွားပြီးတော့ဆေးခတ်တာတွေနဲ့ ဖြန့်ပေးတာတွေ လုပ်နေတာတွေ့ရပါတယ်” ဟု ပြောသည်။
ထို့အပြင် မေလ ၂၀ ရက်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၌ ရေကြောင့် ဖြစ်ပွားသော ရောဂါများအား ကာကွယ်နိုင်ရန် ပိုးသတ်ဆေးဖြန်းမှုများအား လုပ်ဆောင်ပေးခဲ့သည်ဟု သိရသည်။
ပုဏ္ဏားကျွန်းမြို့ခံ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက ”အခုလိုမျိုးတွေ အများကြီး လုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီဘက်က စစ်ဘေးရှောင်စခန်းတွေမှာဆိုရင်လည်း သောက်ရေ၊ သုံးရေကအစ သန့်ရှင်းမှုမရှိတော့ အစစအရာရာ ပူပန်နေရတယ်။ တပ်တော်က
အခုလို ဆေးခတ်တာတွေ၊ ဆေးတွေ အခမဲ့ ကုသပေးတာတွေကို လုပ်ဆောင်စေချင်တာပါ” ဟု ဆိုသည်။
ရခိုင်တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်းငှက်ဖျားရောဂါဖြစ်ပွားသူ ၄၂၄ ဦး အထိ ရှိလာနေသည်။ ထို့ကြောင့် ရခိုင်ပြည်သူများအနေဖြင့် ငှက်ဖျားရောဂါအား သတိထားရန်လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာန ငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့မှ တိုက်တွန်းထားသည်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေဖြင့် ရခိုင်တွင် မြေပြင်ကွင်းဆင်းပြီး ဆေးဝါးအခမဲ့ကုသပေးမှုများရှိနေသည်။ တစ်ဖက်တွင်လည်း ကျန်းမာရေး တာဝန်များကို ထမ်းဆောင်ရန်အတွက် သင်တန်းသားများအားလည်း ခေါ်ယူမှုများရှိနေသည်။



