ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး တောင်ငူနှင့် အုတ်တွင်းကြား တိုက်ပွဲများကြောင့် ကျေးရွာပေါင်း ငါးရွာထက်မနည်းမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။
မေ ၂၂ ရက်မှ စပြီး ယမန်နေ့အထိ တောင်ငူမြို့နှင့် အုတ်တွင်းမြို့နယ်ကြား မိုင်တိုင် ၁၄၄ မှ ၁၄၇ အတွင်းရှိ ကျေးရွာများတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု စစ်ဘေးရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
“လောလောဆယ်တော့ အကုန် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးခဲ့ကြတော့ ဘာမှကို မပါကြဘူး။ ပုံမှန်က လက်လုပ်လက်စားအနေအထားမျိုးတွေ အဆင်ပြေနေတဲ့အနေအထားမှာမဟုတ်တော့ အခုလို ပြေးလာရတာတော့ အလုပ်လက်မဲ့ဖြစ်တဲ့အပြင် ကြပ်တည်းတာပေါ့” ဟု စစ်ဘေးရှောင်ကူညီပေးနေသူ အမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
ယနေ့ မေလ ၂၆ ရက်တွင် တိုက်ပွဲများငြိမ်သက်နေသော်လည်း စစ်ရှောင်လူဦးရေဘပိုမိုတိုးလာပြီး အစားအသောက်နှင့် စောင်၊ ခြင်ထောင် တစ်ကိုယ်ရေအသုံးအဆောင်များအရေးပေါ်လိုအပ်လျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
တိုက်ပွဲများကြောင့် စပါးကြွယ်၊ ကြက်ရိုးပင်၊ ဇီးပင်သာ၊ တောပု၊ ငုံးမင်း စသည့်ကျေးရွာများမှ ဒေသခံများသည် တောင်ငူမြို့ပေါ်ဘုန်းကြီးများနှင့် နီးစပ်ရာသို့ ခိုလုံနေကြရပြီး စစ်ဘေးရှောင်အရေအတွက်အတိအကျသိရှိနိုင်ရန်အတွက် စာရင်းကောက်ယူရန် ခက်ခဲနေသည်ဟု စစ်ဘေးရှောင်ကူညီနေသူများထံမှ သိရသည်။
“အခုခေါင်းအုံးနဲ့ စောင်တွေ ထပ်ပို့ပေးခဲ့ပေမယ့် မလုံလောက်သေးလို့ ထပ်စီစဉ်နေရတယ်။ မိုးတွင်းလည်းဖြစ်တာပေါ့။ နည်းနည်း ခက်ခဲတာပေါ့။ ရွာကလည် ပြန်မရသေးဘူး။ အိမ်တွေလည်း မရှိတော့ဘူးလို့တော့ သူတို့ မနေ့က ပြောတယ်” ဟု စစ်ဘေးရှောင်ကူညီနေသော အမျိုးသားတစ်ဦးက ပြောသည်။
တိုက်ပွဲများကြားတွင် ပိတ်မိနေသည့် ဒေသခံများလည်း ကျန်ရှိနေပြီး တောင်ငူမြို့ပေါ်ရှိ ပရဟိတအသင်းများမှ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။
ပုံစာ- တိုက်ပွဲများကြောင့် ဒေသခံ ကျေးရွာငါးရွာခန့် စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံများ။ (ဓာတ်ပုံ- စစ်ဘေးရှောင်ကူညီနေသူတစ်ဦး)