ခင်သရဖီဦး
စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်အပစ်အခတ်ရပ်စဲထားသော်လည်း ကျောက်ဖြူတွင် စစ်တပ်က လေကြောင်းနှင့် ရေကြောင်းမှ မကြာခဏ ပစ်ခတ်မှုများရှိနေသည့်အတွက် ဒေသခံ ထိခိုက်သေဆုံးမှုများရှိနေသည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ ၂၄ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဝါးနက်ချွိန်ကျေးရွာနှင့် ကျောက်ပြောက်ကျေးရွာကြားတွင် နေရာယူထားသည့် စစ်ကောင်စီ ရေတပ် (နေဗီ) မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ကျောက်ပြောက်ကျေးရွာတွင် စစ်ရှောင်နေသည့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အသက် ၂၃ အရွယ် ကျောက်ဖြူ ဒေသခံတစ်ဦးက ”နေဗီကနေ နေ့တိုင်း နေ့ရာ ညရော ရွာဘက်တွေကို လှမ်းပစ်နေတာတွေ ရှိတယ်။ အဲဒီမှာ လက်နက်ကြီးကျည် အစ ကျပြီးတော့ အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတာပါ။ ဒဏ်ရာကတော့ အများကြီးတော့ မဟုတ်ပါဘူး။ လက်မောင်းမှာ လက်နက်ကြီးအစ ထိသွားတာပါ” ဟု ပြောသည်။
ယင်းအမျိုးသမီးမှာ ကျောက်ဖြူမြို့နယ် ပြိုင်စေ့ကေကျေးရွာမှ ကျောက်ပြောက်ကျေးရွာသို့ စစ်ဘေးရှောင်နေသည့် အမျိုးသမီးတစ်ဦးဖြစ်သည်ဟု သိရသည်။ ထို့အပြင် စစ်ကောင်စီအနေဖြင့် လက်ရှိ ကျောက်ဖြူမြို့တွင် ရမ်းသမ်းပစ်ခတ်မှုများရှိနေသည့်အတွက် ဒေသခံများမှာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး စစ်ရှောင်ဦးရေးမှာလည်း လေးသောင်းကျော်အထိ တိုးလာနေသည်ဟု သိရသည်။
ကျောက်ဖြူမြို့နယ်တွင် စစ်ဘေးရှောင်ကူညီရေးကော်မတီမှ ထောက်ပံ့ပေးမှုများရှိနေသော်လည်း လုံ့လောက်မှု မရှိဟု ကျောက်ဖြူဒေသခံ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။ ”စစ်တပ်ကလည်း မြေပြင်မှာ လက်နက်ကြီးတွေ၊ လေကြောင်းတွေကနေ ပစ်ခတ်မှုတွေက နေ့တိုင်းလိုလို ရှိနေတယ်။ တစ်ဖက်မှာလည်း စစ်ဘေးရှောင်တွေက များလာတော့ အကူအညီတွေက လုံလုံလောက်လောက်မရကြဘူး။ စစ်ဘေးရှောင်တွေက နေရာအတည်တကျလေ အခုက မနေနိုင်ဘူး။ စစ်ရှောင်နေတဲ့ ကျေးရွာတွေကိုလည်း ပစ်ခတ်မှုတွေကရှိတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ကျောက်ဖြူမြို့နယ်အတွင်းရှိ နှင်းဖဲတောင်ကျေးရွာ၊ မင်းတပ်တောင်၊ ပြိုင်စေ့ကေကျေးရွာ၊ ဝါးတောကျေးရွာ၊ မအူတောကျးရွာ၊ ရှောက်ချောင်းကျေးရွာ၊ ကြက်သပြေကျေးရွာ၊ ပြင်ရှည်ကျေးရွာ၊ ကုလားဘာကျေးရွာနှင့် လိပ်ခမော်ကျေးရွာအပါအဝင် ကျေးရွာအများအပြားမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ပုံစာ – ထိခိုက်ဒဏ်ရာရရှိသွားသည့် အမျိုးသမီးအားတွေ့ရစဥ် (Photo – APM)