ဘုန်းမောင်
စစ်ကောင်စီသည် ၎င်းနောက်ဆုံး ထုတ်ပြန်ထားသော အရေးပေါ်ကာလသက်တမ်း ၆ လ ကုန်ဆုံးခဲ့သဖြင့် ပြီးခဲ့သော ဇန်နဝါရီ ၃၁ တွင် နောက်ထပ် ၆ လ ထပ်မံသက်တမ်းတိုးမြှင့်ခဲ့သည်။
နောက်ထပ် ၆ လသက်တမ်း တိုးမြှင့်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၅) ကို ပြီးခဲ့သော ဇန်နဝါရီလ ၃၁ ရက် နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ယာယီသမ္မတ (တာဝန်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ခဲ့သည်ဟု သိရသည်။
တစ်ချိန်တည်းတွင်ပဲ စစ်ကောင်စီက ရွေးကောက်ပွဲ ပြန်လည် စတင်ရန် စီစဥ်နေပြီး တရုတ်နိုင်ငံကလည်း မြန်မာစစ်ခေါင်းဆောင်များနှင့် သံတမန်ရေးဆိုင်ရာဆွေးနွေးပွဲများအတွက် တံခါးဖွင့်ပေးထားသည်ဟူသော ထင်ကြေးများလည်း ပေါ်ထွက်နေခဲ့ပါသည်။
ယင်းသို့ တရုတ်နိုင်ငံနှင့် သံတမန်ရေးဆိုင်ရာဆွေးနွေးမှုများတွင် ယခင်နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သော ဦးသိန်းစိန် ပါဝင်ခဲ့သလို လက်ရှိမြန်မာစစ်တပ်၏ ဒုတိယအကြီးဆုံးဖြစ်သော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းလည်း ပါဝင်နေပါသည်။ ၎င်းတို့နှင့်အတူ စစ်တပ် လိုလားသော မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီ ၄ ပါတီမှ ကိုယ်စားလှယ်များသည် ပြီးခဲ့သော ၂၀၂၄ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြသည်။
တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်တွင် တရုတ်သံအမတ်ကြီး မစ္စတာ ချန်ဟိုင်သည် နေပြည်တော်ရှိ သမ္မတဟောင်းဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံပြီးနောက် ဇွန်လ ၂၇ ရက်မှာတော့ သမ္မတဟောင်းဦးသိန်းစိန်နှင့်အဖွဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့ကြလေသည်။ ထိုသို့ သွားရောက်ရခြင်းမှာ တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ရေးမူ ၅ ရပ်ထုတ်ပြန်ခဲ့သည့် နှစ် ၇၀ ပြည့် အခမ်းအနားကို တက်ရောက်ရန်ဖြစ်သည်ဟု တရုတ်သံရုံးက ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ သမ္မတဟောင်း၏ အဆိုပါ တရုတ်ခရီးစဥ်သည် ၎င်းသမ္မတ တာဝန်က အနားယူခဲ့သည့် ၂၀၁၆ ခုနှစ်နောက်ပိုင်း တရုတ်ကို သွားရောက်ခဲ့သည့် ခရီးစဥ်တစ်ခုဖြစ်သလို ရှမ်းပြည်မြောက်ပိုင်း၌ တကျော့ပြန်စစ်ဆင်ရေးများ တင်းမာလာနေချိန်တွင် သွားရောက်ခဲ့သော ခရီးစဥ် တစ်ခုလည်း ဖြစ်ပေသည်။
သမ္မတဟောင်းနှင့်အတူ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ – MISIS ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ – တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦးတို့အပြင် နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီးဖြစ်သလို ဦးနု – ဒေါ်မြရီဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌလည်းဖြစ်သော ဒေါ်သန်းသန်းနုသည်လည်း အဆိုပါ ခရီးစဥ်မှာ ပါဝင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းသည်လည်း ဇူလိုင်လ ၆ ရက် မနက်ပိုင်းတွင် တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံတွင် ကျင်းပနေသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အစိမ်းရောင် ဖွံ့ဖြိုး တိုးတက်ရေးဖိုရမ်ကို တက်ရောက်ခဲ့သည်ဟု သိရသည်။ အဆိုပါခရီးစဥ်သည် စစ်အာဏာသိမ်းကာလ ၃ နှစ်ခွဲကျော်အတွင်း စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တစ်ဦး၏ ပထမဆုံးသော တရုတ်ခရီးစဥ်လည်း ဖြစ်ခဲ့ပါသည်။
၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်ကပင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများက တာဝန်ရှိသူများနှင့် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၏ နိုင်ငံတကာဆက်ဆံရေးဌာနက ဒုတိယဝန်ကြီး ဆွန်ဟိုင်းယမ်တို့ ဘေဂျင်းမြို့တွင် တွေ့ဆုံခဲ့ကြသည်။ အဆိုပါတိုင်းရင်းသားပါတီများမှာ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရန် ပြင်ဆင်နေကြသော တိုင်းရင်းသားနိုင်ငံရေးပါတီများလည်းဖြစ်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ဆွန်ဟိုင်းယမ်က တရုတ်နိုင်ငံအနေဖြင့် မိမိတို့နိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုး တိုးတက်ရေးလမ်းကြောင်းကို လျှောက်လှမ်းရာတွင် မြန်မာနိုင်ငံအား အခိုင်အမာထောက်ခံကြောင်း ပြောခဲ့သည်။ ထို့ပြင် တရုတ်ကွန်မြူနစ်ပါတီသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူနည်းစုများအပါအဝင် နိုင်ငံရေးပါတီ အသီးသီးနှင့် ကူးလူးဆက်ဆံမှုများ ပိုမိုအားကောင်းလာစေရန်၊ နိုင်ငံတော်အုပ်ချုပ်မှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံများ အပြန်အလှန်ဖလှယ်ကြရန်နှင့် မြန်မာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းကြရန် တိုက်တွန်းကြောင်းကိုပါ ပြောဆိုခဲ့ပါသည်။
စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရန် ပြင်ဆင်နေကြသော တိုင်းရင်းသားနိုင်ငံရေး ပါတီများကို ဘေဂျင်းမြို့သို့ မဖိတ်ကြားခင် ၂၀၂၃ ခုနှစ် မတ်လတွင်လည်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ် မစ္စတာ ချန်းဟိုင် နှင့် စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးတို့ တွေ့ဆုံခဲ့ကြသေးသည်။ ထိုကဲ့သို့တွေ့ဆုံခဲ့ရာတွင် မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နိုင်ငံရေးပါတီများ၏ ပြင်ဆင်ထားမှုအခြေအနေများနှင့် ပတ်သက်ပြီး ဦးသိန်းစိုးထံ မေးမြန်းသည်မျိုး ရှိခဲ့ပါသည်။
“မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲဖြစ်ဖို့ တရုတ်နိုင်ငံကလည်း လိုလားပါတယ်” ဟု တရုတ်နိုင်ငံဘက်က ပြောဆိုခဲ့ဖူးသည်။ စစ်ကောင်စီက ၎င်း၏ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် တရုတ်နိုင်ငံက ကူညီ ပံ့ပိုးမှုများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။
၂၀၂၃ ခုနှစ်က ဘေဂျင်းတွင် ပြုလုပ်ခဲ့သော တတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကိုတော့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ခဲ့သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် မြန်မာစစ်တပ်က ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချပြီးနောက်ပိုင်း နိုင်ငံအနှံ့ တိုက်ပွဲများ ပြင်းထန်နေသဖြင့် ရွေးကောက်ပွဲ ကျင်းပရန် တရုတ်က စစ်ကောင်စီအား ဖိအားများပေးနေပါသည်။ ယင်းသို့သောအချိန်မျိုးမှာ တရုတ်၏ ဝှက်ဖဲများ တပြိုင်နက်တည်း ပေါ်ပေါက်လာခဲ့ခြင်းက တိုက်ဆိုက်မှု တစ်ခုတော့ မဟုတ်နိုင်ပါ။
သို့သော် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် ဧရာဝတီမြစ်ဝှမ်းဒေသကို ဝန်းရံထားသော တိုင်းရင်းသား လူနည်းစုများ နေထိုင်ရာ နယ်မြေအများအပြားတွင် စစ်ကောင်စီ၏ ထိန်းချုပ်နိုင်စွမ်းများ လျော့နည်းလာနေပါသည်။ လက်ရှိတွင်တော့ စစ်ကောင်စီသည် စစ်မြေပြင်တွင် အောင်ပွဲများ ရရှိရန် ခဲယဥ်းနေသလို နိုင်ငံရေးအရ အောင်မြင်မှုကလည်း မလွယ်ကူပါ။
မြောက်ပိုင်းညီနောင်မဟာမိတ်များနှင့် PDF များ ပူးပေါင်းထားသည့် ၁၀၂၇ စစ်ဆင်ရေး – ဒုတိယပိုင်း ရှမ်းပြည် မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးများတွင် ပြန်လည်စတင်ပြီးနောက်ပိုင်း လူပေါင်း ၁၅၀,၀၀၀ ထွက်ပြေး တိမ်းရှောင်နေရသည်။
မြန်မာနိုင်ငံတွင် တော်လှန်ရေးအဖွဲ့အစည်းများက နိုင်ငံဧရိယာအများစုကို ထိန်းချုပ်ထားနိုင်နေပြီဖြစ်သော်လည်း EAO အဖွဲ့ ၂၀ ကျော်နှင့်အတူ PDFs ၊ NUG တို့ကတော့ နိုင်ငံတကာ၏ လျစ်လျူရှုမှုကို ခံနေရဆဲဖြစ်သည်။
၂၀၂၄ ခုနှစ်အတွင်း လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ကျင်းပခဲ့သည်။ အာဆီယံသည် ၎င်း၏ ငြိမ်းချမ်းရေးသဘောတူညီချက်အစီအစဥ် ၅ ရပ်ကို ကျော်လွန်ရန် ကြိုးပမ်းနေပြီး လာအို၊ အင်ဒိုနီးရှားနှင့် မလေးရှား ပါဝင်သော အဖွဲ့ တစ်ဖွဲ့က စစ်ကောင်စီနှင့် စေ့စပ်ညှိနှိုင်းမှုများ စတင်မည်ဟုလည်း ထုတ်ပြန်ကြေညာခဲ့သည်။
ရုတ်တရက်ကြည့်လိုက်လျှင်တော့ အာဆီယံ၏ စက္ကူပေါ်က ကြေညာချက်များက အဆင်ပြေသယောင် ရှိနေသော်လည်း တကယ်တမ်း လက်တွေ့မှာတော့ အာဆီယံ၏ ထုတ်ပြန်ချက်များက မြန်မာ့အရေးတွင် အာဆီယံ၊ ကုလသမဂ္ဂအပါအဝင် ဒေသတွင်းအိမ်နီးချင်းနိုင်ငံများ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော ကျရှုံးမှုများကိုသာ ပိုမိုဖော်ပြနေခြင်းဖြစ်ပေသည်။
ပြီးခဲ့သော ၂၀၂၄ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသော ဩစတြေးလျ၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘိရှော့သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်ဟု အောက်တိုဘာ ၂၉ ရက်က ပြုလုပ်ခဲ့သော ကုလသမဂ္ဂ အစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။
မြန်မာ့အရေးနှင့်ပတ်သက်ပြီး တရုတ်က ၎င်း၏ ထုတ်ကုန် သံခင်းတမန်ခင်းနည်းလမ်းဖြင့် အလျင်အမြန်ပင် ချဉ်းကပ်ကစားနေသည်ကို တွေ့ရပေလိမ့်မည်။ အထင်ရှားဆုံးမှာ လားရှိုးကိစ္စဖြစ်သည်။ စစ်ကောင်စီက တရုတ်ကို ချဥ်းကပ်ကာ MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို ပြန်လည်တောင်းယူခြင်းက လာမည့် ဒီဇင်ဘာလတွင် စစ်ကောင်စီက ကျင်းပရန် စီစဥ်ထားသည့် ရွေးကောက်ပွဲကို လားရှိုးမြို့တွင် ကျင်းပနိုင်ရန်ဖြစ်သည်ဟု မြို့ခံများက ဆိုကြသည်။ တရုတ်က မြန်မာ့အရေးတွင် ထဲထဲဝင်ဝင်ပါဝင်ပြီး ကစားနေခြင်းက မြန်မာနိုင်ငံကို ဖြတ်ကာ တရုတ်နိုင်ငံကို သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို ကာကွယ်လိုခြင်းကြောင့်လည်း ဖြစ်ပေသည်။
မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့များဖြစ်ကြသည့် အာရက္ခတပ်တော်၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့နှင့် ညှိနှိုင်းနိုင်ခဲ့ခြင်းက တရုတ် အတွက်တော့ ဂုဏ်ယူထိုက်သော ကိစ္စလည်း ဖြစ်ပါသည်။
နောက်ထပ်ပို၍ အရေးကြီးသည်က ဘေဂျင်းသည် နောက်ထပ် နောက်ထပ်သော မြန်မာနိုင်ငံတွင်းရှိ EAO များနှင့် ဆွေးနွေးလိုကြောင်းပြသခဲ့ခြင်းဖြစ်သည်။ NUG သည် ဘေဂျင်း၏ အကျိုးစီးပွားကို ကာကွယ်ရန် ရည်ရွယ်သော တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံတွင် ရှိနေသော တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးလုပ်ငန်းများအား အကာအကွယ်ပေးမည်ဖြစ်ကြောင်းများအပါအဝင် မူဝါဒ ၁၀ ချက်ပါ ကြေညာချက် တစ်စောင်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် ထုတ်ပြန်ခဲ့ဖူးပါသည်။
စစ်ကောင်စီခေါင်းဆောင်က ရွေးကောက်ပွဲ ကျင်းပနိုင်ရန် အခင်းအကျင်းနှစ်ရပ် ရှိရမည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ အဆိုပါအခင်းအကျင်းနှစ်ရပ်မှာ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေသည့် နေရာများကို ချန်လှပ်ထားရန်နှင့် တစ်နိုင်ငံလုံး မဖြစ်မနေ ရွေးကောက်ပွဲကျင်းပရန်တို့ ဖြစ်ကြသည်။ ယင်းအခင်းအကျင်း နှစ်ရပ်စလုံးတွင် “နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု အပြည့်အဝ ရှိရေး” က အဓိကကျသည်ဟု စစ်ခေါင်းဆောင်က ဆိုပါသည်။
“တစ်ဘက်မှာကျ မဲစာရင်းမှန်ဖို့ လိုမယ်။ ဒီအတွက် သန်းခေါင်စာရင်း အရေးကြီးတယ်။ သန်းခေါင်စာရင်း ကောက်တဲ့အခါ တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှုတွေကြောင့် နှောင့်နှေးနေရတယ်” ဟု စစ်ကောင်စီခေါင်းဆောင်က ပြောဆိုခဲ့ဖူးသည်။
အာဏာသိမ်းပြီးနောက်ပိုင်း လူထုထောက်ခံမှု ကင်းမဲ့ခြင်း၊ အာဏာလက်ကိုင်ပြုကာ အုပ်ချုပ်ပိုင်ခွင့်မရှိခြင်း စသည့် တရားဝင်မှုအကျပ်အတည်းကို စစ်ကောင်စီက ရင်ဆိုင်နေရသည်။ ထို့ကြောင့်လည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲအိပ်မက်အကြောင်းပြချက်များက “ဂျာအေး သူ့အမေရိုက်” ဖြစ်နေခဲ့တော့သည်။ စစ်ကောင်စီဘက်ကတော့ “အကြားအလပ်မရှိ” ရွေးကောက်ပွဲ ကျင်းပနိုင်စေရမယ်။ “အလောတကြီး ဆောင်ရွက်လို့ မရဘဲ စနစ်တကျ ပြင်ဆင်သွားမယ်” ဟု ပြောဆိုထားသည်။
သို့သော် စစ်ကောင်စီက ကျင်းပရန် စီစဥ်နေသော ရွေးကောက်ပွဲများ၌ NUG နှင့် EAO / PDF များ ပါဝင်ကြမည် မဟုတ်ပါ။ အဆိုပါအဖွဲ့အစည်းများ၏ သဘောထားများအား ပေါင်းစပ်ကြည့်မည်ဆိုပါက ၎င်းတို့သည် မြန်မာနိုင်ငံ၏ နယ်မြေအများအပြားကို ထိန်းချုပ်ထားနိုင်နေပြီဖြစ်ကာ အချို့ကတော့ စစ်ခေါင်းဆောင်နှင့် အပေါင်းအပါ တစ်သိုက်ကို နိုင်ငံတကာစစ်ခုံရုံးတင်ရန် အားသန်နေကြပါသည်။
မြန်မာစစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက ရွေးကောက်ပွဲပြန်လည်ကျင်းပမည်ဟု တောက်လျှောက် ပြောဆိုလာခဲ့သော်လည်း အာဏာသိမ်းကာလ ၄ နှစ်ကျော်အတွင်းမှာပင် မြန်မာစစ်တပ်သည် နိုင်ငံလုံးဆိုင်ရာ ဆန္ဒမဲများ ကောက်ယူရာတွင် ထောက်ပံ့ပို့ဆောင်ရေးကို လုပ်ဆောင်နိုင်စွမ်း မရှိတော့ပြီဖြစ်ကြောင်း နိုင်ငံတကာကလည်း သိထားပြီးဖြစ်သဖြင့် မဲရုံများသည် လိမ်လည်မှုအပေါင်း သရဖူဆောင်းနေမည်ဖြစ်ကာ နိုင်ငံတကာ၏ သရော်ခြင်းများနှင့်လည်း စစ်ကောင်စီက ထပ်မံရင်ဆိုင်ရပေလိမ့်ဦးမည်။ အဆိုပါ အခြေအနေများအား နိုင်ငံတကာက သိထားပြီးဖြစ်သလို တရုတ်ကလည်း ကောင်းစွာ သိပြီးဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပရန် တရုတ်က ဆက်လက်ဖိအားပေးနေပေလိမ့်မည်။
ထိုသို့ဆိုပါမူ အဓိကအချက်က မည်သည့်အရာဖြစ်မည်နည်း။
အဆိုပါပြဿနာများအားလုံး ပြေလည်စေရန်အတွက် စစ်ခေါင်းဆောင်အနေဖြင့် ပေးစရာရှိသော နောက်ဆုံး ကတိကဝတ်မှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာတွင် အထွေထွေရွေးကောက်ပွဲကျင်းပရန်ဖြစ်ကာ စစ်တပ် ထိန်းချုပ်မှုအောက်ရှိ နယ်မြေများ၌ ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် တရုတ်က အကြံဉာဏ်များပေးရန်နှင့် ထောက်ပံ့ပို့ဆောင်ရေးအပိုင်းများကိုလည်း တရုတ်က ကူညီရန်ဖြစ်သည်။
ထိုသို့ တရုတ်က အကူအညီပေးရေးကိစ္စမှာ စစ်တပ်ထိန်းချုပ်နယ်မြေများရှိ တရုတ်တို့၏ ပိုင်ဆိုင်မှုများကို ကာကွယ်ရန်နှင့် မြန်မာနိုင်ငံအနှံ့ တရုတ်တို့ ခြေစင်္ကြာဖြန့်နိုင်ရေးသာ ဖြစ်ပေတော့သည်။
နိဂုံးချုပ်ရမည်ဆိုလျှင်တော့ ရှမ်းပြည်မြောက်ပိုင်းရှိ တရုတ်ပိုက်လိုင်းများကို EAO / PDF များက ကာကွယ် ပေးရမည်ဖြစ်သည်။ ထို့အတူ စစ်တပ်ထိန်းချုပ်နယ်မြေများတွင်လည်း စစ်တပ်က ရွေးကောက်ပွဲ ကျင်းပပေးခြင်းဖြင့် တရုတ်အကျိုးစီးပွားများကို ကာကွယ်ပေးရန်သာဖြစ်သဖြင့် စစ်ကောင်စီက ကျင်းပမည့် မြန်မာ့ရွေးကောက်ပွဲတွင် ဦးစွာ အမြတ်ထွက်ခဲ့သူမှာ တရုတ်နိုင်ငံသာဖြစ်ပေတော့သည်။
မှီးငြမ်း – The Diplomat, ISP – Myanmar, Bangkok Post, SCMP