နန်းဆုပန်ခန့်
ထိုင်းကရင်နယ်စပ်၊ သောင်ရင်းမြစ်ဘေးရှိ သေ့ဘောဘိုးကျေးရွာတွင် ဒေသခံနှင့် စစ်ရှောင်များအတွက် အခြေခံစားနပ်ရိက္ခာနှင့်အခြားအသုံးအဆောင်ပစ္စည်းများ လိုအပ်နေဆဲဖြစ်သည်ဟု စစ်ရှောင်တာဝန်ခံထံမှ သိရသည်။
၎င်းက ” လိုအပ်ချက်ကတော့ အများကြီးပဲ။ အလှူရှင်တွေကလည်း နှစ်နှစ်၊ သုံးနှစ် ရှိလာပြီဆိုတော့ စိတ်ဝင်စားမှုမရှိတော့ဘူးလေ။ အပင်အောက်မှာ နေနေရတာဆိုတော့ ခြင်ထောင်တွေလိုအပ်တာပေါ့။ ပြီးတော့ တာလပတ်တွေ လိုအပ်တယ်။ မိုးရာသီလည်းဖြစ်တော့ ပိုးကောင်တွေ၊ ဘာတွေများတယ်။ သောက်ရေဆိုလည်း ချောင်းရေက နောက်နေတော့ သောက်လို့မရ။ ဟိုနည်းနည်း ဒီနည်းနည်း လိုက်သောက်ရတာပေါ့။ သိတဲ့အတိုင်းပဲ စစ်ဖြစ်တော့ အလုပ်အကိုင် မရှိကြဘူးလေ။ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ကတော့ လိုအပ်မြဲ လိုအပ်ဆဲပဲ” ဟု လက်ရှိ ကြုံနေရသော စစ်ရှောင်များ၏ အခက်အခဲကို ပြောသည်။
ထို့အပြင် ကျောင့်ဖွင့်ရာသီနီးလာပြီဖြစ်သည့်အတွက် သေ့ဘောဘိုးရွာသို့ ကျောင်းလာတက်မည့် ကျောင်းသားများပါ ထွက်ပြေးတိမ်းရှောင်နေရသောကြောင့် လက်ရှိအခြေအနေတွင် စစ်ရှောင်နှင့် ဒေသခံ စုစုပေါင်း တစ်ထောင်ဝန်းကျင်ရှိနေသည်ဟု သိရသည်။ သေ့ဘောဘိုးစစ်ဘေးရှောင်များသည် ပြီးခဲသ့ည့် ၂၀၂၁ ခုနှစ် လေးကေ့ကော်တိုက်ပွဲမှစပြီး စစ်ရှောင်နေရသူများ ဖြစ်ကြသည်။
လတ်တလော သေ့ဘောဘိုးကျေးရွာအနီးရှိ ဘလက်ဒိုစခန်းသိမ်းတိုက်ပွဲအပြီးတွင် ရွာတွင် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သောကြောင့် အချို့က သောင်ရင်းမြစ်ဘေးသို့ တိမ်းရှောင်ကာ အချို့မှာ ထိုင်းနိုင်ငံဘက်ခြမ်းရှိ ဆွေမျိုးများထံသို့ ထွက်ပြေးကြရသည်ဟု အဆိုပါစစ်ရှောင်တာဝန်ခံက ဆိုသည်။
၎င်းက “တချို့က ကမ်းနဖူးမှာ အရင်နေကြတာပေါ့လေ။ အခုက ကျောင်းဖွင့်တော့မှာဆိုပေမယ့် ကျောင်းမဖွင့်ရဲသေးဘူး။ ကျောင်းနဲ့ နီးနီးလေးမှာ စစ်တပ်စခန်းရှိတယ်လေ” ဟုဆိုသည်။
အဆိုပါသေ့ဘောဘိုးကျေးရွာတွင် တပ်မ ၄၄ အခြေစိုက် စစ်ကောင်စီဗျူဟာစခန်းရှိသည်။ သေ့ဘောဘိုးစခန်းအပြင် လက်ရှိအချိန်တွင် မြဝတီ – ဝေါ်လေကားလမ်းတလျှောက်၌ ဝေါ်လေဗျူဟာ၊ ဥကရစ်ထ စသည့် စစ်တပ်စခန်းများ ကျန်ရှိနေပြီး ဝေါ်လေအကျော်တွင် မော်ခီး၊ ကနဲလေး၊ ထီးကယ်ပလယ် စသည့် စခန်းများလည်း ကျန်ရှိနေသေးသည်။
အဆိုပါ စစ်စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA၊ ကရင်အမျိုသားကာကွယ်ရေးတပ်ဖွဲ့ KNDO နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF တို့ ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။ ပုံစာ – သေ့ဘောဘိုးစစ်ရှောင်များအား မြင်တွေ့နေရပုံ (ဓာတ်ပုံ – ပေးပို့)