ပဲခူးတိုင်း အရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ် ကျွန်းကြီးကျေးရွာတွင် ယနေ့ မင်္ဂလာဆောင် ပြုလုပ်နေစဉ် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် သတို့သမီးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည် ဒေသခံသတင်းရင်းမြစ်အချို့ထံမှ သိရသည်။
မေလ ၂၅ ရက် နံနက် ၁၁နာရီဝန်းကျင်တွင် စစ်ကောင်စီက ဗုံးသုံးလုံးလာရောက်ကြဲချခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများထဲတွင် အသက် ၄ နှစ်နှင့် ၆ နှစ်အရွယ် ကလေးငယ်များ ပါဝင်သည်ဟု သိရသည်။
“ကနဦးသိရတဲ့ ထိခိုက်သေဆုံးမှုအခြေအနေကတော့ လောလောဆယ် ပြည်သူ ၁၀ ယောက်သေတယ်၊ ၂၀ ကျော် ဒဏ်ရာရတယ်လို့တော့ ကြားသိရပါတယ်။ မြေပြင်အချက်အလက်တွေကို အရေအတွက် တိတိကျကျ သိဖို့က အတည်ပြုနေဆဲပါ။ အဲဒီနေရာက စစ်ဖြစ်နေတဲ့ ဒေသ မဟုတ်ဘဲ ကြဲသွားတာပါ” ဟု တောင်ပိုင်းတိုင်း စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒဏ်ရာရှိသူ ၂၀ ကျော်တွင် ပြင်ထန်းဒဏ်ရရှိသူ ၇ ဦး ရှိနေသည်ဟု မြေပြင်တွင် ကူညီပေးနေသူများထံမှ သိရသည်။
မြေပြင်တွင် ကူညီပေးနေသူ တစ်ဦးက “သတို့သမီး ပါသွားတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေကို လုပ်ပေးနေတာမို့ အမျိုးသမီး ဘယ်နှစ်ယောက် ပါတယ်ဆိုတာ ခွဲခြားဖို့ မရသေးဘူး။ အရပ်သားမင်္ဂလာဆောင်ပါ။ ကရင်ရွာတစ်ခုပါ။ အလောင်းတွေကတော့ ပါးစပ်နဲ့တောင် မပြောပြတတ်တော့ပါဘူး” ဟု မြေပြင်အခြေအနေကို အတည်ပြုပြောသည်။
ပြီးခဲ့သည့် မေလ ၂၃ ရက်ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မင်းစုကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ် ရှစ်ဦးအပါအဝင် ပြည်သူ ၁၄ ဦး သေဆုံးခဲ့ရသည်။
စစ်ကောင်စီသည် မေလ ၁၂ ရက်မှ စ၍ အရပ်သားပြည်သူများကို ပစ်မှတ်ထားတာ နေ့စဉ် လေကြောင်းဗုံးကြဲတိုက်ခိုက်၍ ပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေသည်။
မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အင်အားကြီးငလျင် လှုပ်ခတ်ပြီးချိန်မှစ၍ ၁ လခွဲအတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၄၀၀ ကျော်ရှိခဲ့ပြီ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။
ပုံစာ- မင်္ဂလာဆောင်အား လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ (ဓာတ်ပုံ – CJ)