ထိုင်းနိုင်ငံ၊ တာ့ခရိုင်၊ မဲဆောက်မြို့တွင် ထိုင်းစစ်သားများ ညှင်းပန်းနှိပ်စက်မှုကြောင့် အသက်သေဆုံးခဲ့ရသည့် မြန်မာနိုင်ငံသားတဦး၏ အမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံရှေ့နေများကောင်စီမှ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့သည်ဟု Fortify Rights က ထုတ်ပြန်ထားသည်။
မေလ ၇ ရက်တွင် ထိုင်းရှေ့နေများကောင်စီမှ အမှုဖြစ်စဉ်ကို စုံစမ်းဆေးရန်၊ သက်သေအထောက်အထားများစုဆောင်းရန်၊ တရားမျှတမှုအတွက် ဥပဒေလမ်းကြောင်းများ ရှာဖွေရန်တို့အတွက် ရှေ့နေ ငါးဦးပါသော လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု Fortify Rights ထုတ်ပြန်ချက်အရ သိရသည်။
“ဒီကိစ္စဟာ ကြီးလေးတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့အခါ ထိုင်းနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးခေါင်းစဥ်အောက်မှာ ရာထူးအဆင့်အတန်း၊ ယူနီဖောင်း ဒါမှမဟုတ် နိုင်ငံသား မခွဲခြားဘဲ အားလုံးတန်းတူညီမျှစွာ အကျုံးဝင်သလားဆိုတာကို သိရှိနိုင်ဖို့အတွက် အရေးကြီးတဲ့ စမ်းသပ်မှုတစ်ခုပါပဲ။ ထိုင်းအာဏာပိုင်တွေအနေနဲ့ တရားမျှတရေး၊ တာဝန်ယူမှု တာဝန်ခံမှုရှိစေရေးနဲ့ ဥပဒေစိုးမိုးရေးတို့ကို သေချာစွာ ရရှိစေဖို့ လုပ်ဆောင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု Fortify Rights ၏ CEO Matthew Smith က ပြောသည်။
မြန်မာနိုင်ငံသားတစ်ဦးဖြစ်သော အသက် ၃၇ နှစ်အရွယ် ကိုအောင်ကိုကိုသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၂ ရက်တွင် ထိုင်းစစ်သားလေးဦးမှ ဖမ်းဆီးခဲ့ပြီးနောက် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသည်။
Fortify Rights မှ နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်သော ကိုအောင်ကိုကို သေဆုံးမှုအစီရင်ခံစာတွင် ဇန်နဝါရီလ ၁၂ ရက်က ထိုင်းစစ်သား လေးဦးသည် ၇၀ ရိုင်ဧရိယာရှိ သစ်သားတံတားတစ်ခုအနီးတွင် ကိုအောင်ကိုကိုအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဆိုသည့် မျက်မြင်သက်သေထွက်ဆိုချက်များလည်း ပါဝင်သည်။
အဆိုပါထိုင်းစစ်သား လေးဦးအနက်မှ သုံးဦးသည် ကိုအောင်ကိုကိုအား သစ်သားချောင်းဖြင့် ပြင်းပြင်းထန်ထန်ရိုက်ခဲ့ပြီး ထိုနေ့တွင်ပင် သေဆုံးစေခဲ့သည့် ဒဏ်ရာများဖြစ်ပေါ်စေခဲ့သည်ဟု ၎င်းအစီရင်ခံစာတွင်ပါရှိသည်။
Fortify Rights မှ စုဆောင်းထားသော ဓာတ်ပုံများနှင့် သက်သေများအရလည်း ကျောပြင်၊ နဖူး၊ ပါးရိုး နှစ်ဖက်၊ နှာခေါင်းတို့တွင် ဒဏ်ရာများကို တွေ့ရှိခဲ့ရသည်။
Fortify Rights မှ မှတ်တမ်းတင်ထားသော ရဲတပ်ဖွဲ့၏ တရားစွဲဆိုချက်မှတ်တမ်းများနှင့် တရားရုံးသက်သေခံချက်များကို ဖော်ပြခဲ့သော်လည်း ကျူးလွန်ခဲ့သည့် ထိုင်းစစ်သားများမှ တာဝန်ခံမှုမရှိသေးဟုလည်း ထုတ်ပြန်ထားသည်။
ကိုအောင်ကိုကို သေဆုံးပြီးနောက် Fortify Rights အဖွဲ့မှ ထိုင်းတရားလွှတ်တော်ရှေ့နေများကောင်စီသို့ ထိုင်းစစ်သားများမှ ညှင်းပန်းနှိပ်စက်မှုများတွင် ပါဝင်ကြောင်း တိကျသော သက်သေအထောက်အထားများဖြင့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် တင်ပြတောင်းဆိုခဲ့သည်ဟုလည်း ယမန်နေ့က ထုတ်ပြန်ချက်တွင် ပါရှိသည်။