နန်းဆုပန်ခန့်
ထိုင်း – ကရင်နယ်စပ်၊ မြဝတီမြို့တောင်ဘက် ဘလက်ဒိုစခန်းသိမ်းတိုက်ပွဲတွင် ပူးပေါင်းတပ်ဘက်မှ ၆၀ မမပြောင်း ၃ လက်အပါအဝင် လက်နက်ငယ် အများအပြားရရှိခဲ့သည်ဟု စစ်မြေပြင်ရှိ သတင်းရင်းမြစ်များထံမှ သိရသည်။
သံလွင်ခက်အားပေးပို့လာသည့်ပုံတွင် ၆၀ မမ ခေါ် လက်နက်ကြီးပြောင်း ၃ ပြောင်း၊ Jumper Gun ၂ လက်နှင့်အတူ လက်နက်ငယ်နှင့် အခြားသော စစ်သုံးပစ္စည်းများအားတွေ့ရသည်။
မြေပြင်ရဲဘော်တစ်ဦးက ” လက်နက်ငယ်ကတာ့ သေချာမရေခဲ့ရဘူး။ ၇၀ ကျော်တယ်” ဟု ဆိုသည်။
အဆိုပါ ဒရုန်းဖျက်ချနိုင်သည့် Jumper Gun သည် အနည်းဆုံး ဘတ် ၁သိန်း ၇ သောင်း (ကျပ်သိန်း ၂၀၀ ကျော်) ရှိသည်ဟု မြေပြင်တာဝန်ရှိသူတစ်ဦကဆိုသည်။
၎င်းက ” အဲ့ဒီ Jumper Gun က ဆင်တဲ့အပေါ်မှာမူတည်တယ်။ အဲ့ဒါတစ်လက်ဝယ်ရင် အနည်းဆုံး ဘတ် ၁ သိန်းကျော်ဝန်းကျင်မှာရှိနေတယ်နော်။ အကိုတို့ဝယ်တဲဥစ္စာဆိုရင့် ၁သိန်း ၇သောင်းလောက်ရှိတယ်ပေါ့နော်” ဟုဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ မြန်မာ – ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည့် ဘလယ်ဒိုစခန်းအား ၃ ရက်အကြာ တိုက်ခိုက်ခဲ့ပြီးနောက် မေလ၂၃ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
စခန်းသိမ်းမှုတွင် မြေပြင်ရဲဘော် ၃ ဦးကျဆုံးခဲ့သည်ဟု မြေပြင်တပ်ဖွဲ့ဝင်အချို့က ပြောဆိုခဲ့ပြီး Column 2 VENOM စစ်ကြောင်းမှ အရာခံဗိုလ်တစ်ဦး ၄၀ မမ အစ ထိမှန်ပြီး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်ဟု Column 2 VENOM ၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီတပ်သား ၆၂ ဦးလည်းထိုင်းဘက်ကမ်းသို့ ထွက်ပြေးခဲ့ကြသည်ဟု မြေပြင်ရဲဘော်တစ်ဦးက အတည်ပြုပြောဆိုသည်။
ထိုင်းသတင်းဌာန Khaosod ၏ သတင်းဖော်ပြမှုတွင် ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၆၂ ဦးတွင် ၁၁ ဦးဒဏ်ရာရရှိထားပြီး ၄ ဦးမှာ စိုးရိမ်ရအခြေအနေရှိသည်ဟု ဖော်ပြထားသည်။
အဆိုပါထွက်ပြေးလာသော စစ်သားများ၏ ပြောဆိုမှုတွင် ၎င်းတို့စခန်းအား ကရင်လက်နက်ကိုင်ပူးပေါင်းအဖွဲ့များက တိုက်ခိုက်လာသဖြင့် ၁၈ ဦးကျဆုံးခဲ့သည်ဟု သတင်းတွင် ထည့်သွင်းရေးသားထားသည်။
အဆိုပါ ဘလက်ဒိုစခန်းတိုက်ခိုက်သိမ်းပိုက်မှု စစ်ဆင်ရေးအား တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (၃၂)၊ ဗျူဟာမှူး ဗိုလ်ဒါဘော၏ စစ်ဆင်ရေးကွပ်ကဲမှုနှင့်အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO၊ Cobra Column 2 VENOM စစ်ကြောင်းနှင့်အတူ အခြားသော ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

