အမီးလေး
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မင်းစုကျေးရွာအား မေလ ၂၃ ရက် မွန်းလွဲ ၂ နာရီခန့်က စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် ကလေးငယ် ၆ ဦးအပါအဝင် ဒေသခံ ၁၀ ဦး သေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဒဏ်ရာရသူများတွင် ကလေးငယ် ၈ ဦး ပါဝင်ကာ ပြင်းထန်ဒဏ်ရာရသူများ ရှိနေပြီး ဆေးရုံသို့ ပို့ဆောင်ရန် မိုးရွာသွန်းမှုကြောင့် ခက်ခဲနေသည်ဟု ဆိုသည်။
“ဖြစ်ဖြစ်ချင်းမှာတော့ ခုနစ်ယောက်၊ ဆေးရုံပို့ရင်းနဲ့ လမ်းမှာ သေတာနဲ့ဆို ၁၀ ယောက်ဖြစ်သွားပါပြီ။ လောလောဆယ်တော့ ဒဏ်ရာကြီးမားတဲ့သူ ၁၁ ဦး ရှိတယ်။ ဆေးရုံတွေ ပို့တဲ့ လမ်းကြောင်းတွေပေါ်မှာပဲ ရှိသေးတယ်” ဟု ကူညီဆောင်ရွက်ပေးနေသူ အမျိုးသား တစ်ဦးက ပြောသည်။
ဒေသခံပြည်သူများမှာ ဗုံးကြဲခံရပြီးနောက် ကျေးရွာတွင် မနေထိုင်ကြတော့ဘဲ စစ်ဘေးရှောင်နေကြရသည်။
လက်ရှိတွင် သေဆုံးသွားသူ အလောင်းတချို့အားလည်း ရှာဖွေနေဆဲ ဖြစ်သည်ဟု နောက်ထပ် ကူညီဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦးက ဆိုသည်။ ၎င်းက “ရွာထဲ ဝင်ကြည့်ပြီး ရှာနေကြတယ်။ တချို့ ဒေသခံတွေက ထွက်ပြေး တိမ်းရှောင်နေကြတယ်။ ရှာတော့ ရှာနေကြတာပဲ။ ထပ်တွေ့ဦးမလား မသိဘူး။ အိမ်တွေနဲ့ ပျက်စီးသွားတဲ့ဟာကို အတည်မပြုနိုင်သေးဘူး။ လေယာဉ် ထပ်ပြီး လာမှာဆိုတဲ့ ပုံစံမျိုးနဲ့ မဝင်ရဲကြဘူး” ဟုဆိုသည်။
မင်းစုကျေးရွာအား စစ်ကောင်စီတပ်အနေဖြင့် ဂျက်ဖိုက်တာဖြင့် ဗုံးခြောက်လုံး ကြဲသွားခြင်းဖြစ်ပြီး အဆိုပါ အနီးတဝိုက်တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ကြဲသွားခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် သေဆုံးသူ အရေအတွက်မှာ ၁၀ ယောက်မှ ၁၄ ယောက်အထိ သတင်းမီဒီယာများတွင် ဖော်ပြထားသော်လည်း သံလွင်ခက်အနေဖြင့် ဆက်လက် အတည်ပြုနေဆဲဖြစ်သည်။
၂၀၂၄ ခုနှစ်ကလည်း မင်းကင်းမြို့နယ်ရှိ မတောရွာတွင် ပြုလုပ်နေသည့် မင်္ဂလာဆောင်ပွဲအား ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၃၃ ဦး သေဆုံးခဲ့ပြီး ၆၄ ဦး ဒဏ်ရာရရှိခဲ့သည်။
ပုံစာ-မင်းစုရွာအား မေလ ၂၃ ရက်တွင် စစ်ကောင်စီ လေယာဉ်ဗုံးကြဲပြီးနောက် မြင်ကွင်း