အမီးလေး
မွန်ပြည်နယ်မှ စစ်ရှောင်လာသည့် စစ်ဘေးရှောင်ပြည်သူများ ရေနှင့် အစားအသောက် မသန့်ရှင်းမှုကြောင့် ဝမ်းရောဂါများဖြစ်ပွားနေသည်ဟု မွန်ပြည်နယ်ဖယ်ဒရယ်ကောင်စီ၊ ကျန်းမာရေးဌာနမှ သိရသည်။
ကလေးငယ်များအပါအဝင် အသက်အရွယ်မရွေး ဖြစ်ပွားနေပြီး သန့်ရှင်းသည့် ရေနှင့် အစားအသောက်များ အဓိကလိုအပ်နေသည်ဟု ဌာနမှူး Dr.Edward က ဆိုသည်။
၎င်းက “စစ်ဘေးရှောင်တွေဟာ တောထဲ တောင်ထဲကို အခြေအနေအရ ဘေးလွတ်ရာ ခိုရတာဖြစ်ကြတာမို့လို့ စမ်းရေ၊ ချောင်းရေတွေကို မကြိုမချက်ဘဲ အလွယ်တကူ သောက်မိတတ်ကြပါတယ်။ အစားအစာဆိုရင်လည်း အဲဒီလိုပါပဲ။ သာမန်ကိုယ့်အိမ်ကိုယ့်ယာမှာလို သေသေချာချာ ချက်ပြုတ်စားသောက်နိုင်ဖို့ဆိုတာ သိပ်မလွယ်လှပါဘူး။ အခုလို မိုးတွင်းကာလမှာ နားခိုစရာ နေရာအပြင် ဝမ်းရောဂါ အရေပြားရောဂါတွေပိုအဖြစ်များတဲ့အတွက် သူတို့အနေနဲ့ ပိုပြီးအခက်အခဲဖြစ်ရပါတယ်” ဟုဆိုသည်။
စစ်ရှောင်ပြည်သူများအနေဖြင့် စမ်းချောင်းရေများကိုသာ အဓိက သောက်သုံးနေရပြီး အိမ်သာများလည်း လုံလောက်မှုမရှိသောကြောင့် ရောဂါကူးဆက်မှု ပိုများလာသည်ဟု သိရသည်။
၎င်းက ဆက်ပြီး “လူအစုလိုက်အပြုံလိုက် ဘေးလွတ်ရာမှာ နားခိုကြရတာမို့လို့ အညစ်အကြေးစွန့်ဖို့အတွက် ယင်လုံအိမ်သာမလောက်ငှတာမျိုးတွေ၊ အဆင်ပြေသလို တောထဲမှာအညစ်အကြေးစွန့်ရတာမျိုးတွေအထိ ကြုံရပါ တယ်” ဟု ပြောသည်။
လက်ရှိတွင် ဝမ်းရောဂါကူးဆက်သူများအား ဆေးဝါး ကုသပေးနေပြီး တော်လှန်ရေးဆေးတပ်ဖွဲ့အနေဖြင့် လက်လှမ်းမမှီသည့် စစ်ရှောင်စခန်းများအတွက်မူ ဆေးဝါးကုသရန် ခက်ခဲများကြုံနေရသည်ဟု သိရသည်။ လက်ရှိဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် မွန်ပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း မြို့နယ်တချို့မှ ဒေသခံပြည်သူ ၁၀၀၀၀ ခန့် စစ်ဘေးရှောင်နေကြရသည်။
ပုံစာ – ကျိုက်မရောဒေသ စစ်ဘေးရှောင်များ (ဓာတ်ပုံ – Mi Su Mon)