ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်ရေးနယ်မြေ၊ ဒူးပလာယာခရိုင်၊ တပ်မဟာ ၆၊ ကော့ကရိတ်မြို့နယ်ရှိ ဘလယ်ဒို (ဘျၢၣ်ဒိၣ်) စစ်ကောင်စီတပ်စခန်းအား ၂၀၂၅ ခုနှစ် မေလ ၂၃ ရက် ညနေ ၅ နာရီတွင် ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီတပ်သား ၃၀ ကျော် လက်နက်ချ၊ အရာရှိ ၁၅ ဦး ထွက်ပြေး
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ကျော် လက်နက်ချခဲ့ပြီး အရာရှိ ၁၅ ဦးခန့် စခန်းမှ ထွက်ပြေးသွားခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။
ယခုစခန်းသိမ်းတိုက်ပွဲသည် မေလ ၂၀ ရက်ညပိုင်းတွင် စတင်ခဲ့ပြီးနောက် မေလ ၂၃ ရက်အထိ ၃ ရက်ခန့်ကြာမြင့်ခဲ့သည်။
တော်လှန်ရေးတပ်ပေါင်းစုက ဒရုန်းဖြင့်ဆက်တိုက်ပစ်ခတ်ခြင်း၊ မြေပြင်ထိုးစစ်ဆင်ခြင်းများကို ပြုလုပ်ခဲ့ပြီးနောက် “သူတို့က အလံဖြူထောင်တယ်။ စစ်သား ၃၀ ကျော်က လက်နက်ချတယ်၊ အရာရှိတွေနဲ့ တပ်သား ၁၅ ယောက်ကတော့ထွက်ပြေးတယ်” ဟု KNLA တပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြခဲ့သည်။
ထို့အပြင် စစ်ကောင်စီ၏ တပ်သား၁၀ဦးထက်မနည်းသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ မဟာမိတ်ပူးပေါင်းတပ်မှလည်း ထိခိုက်ဒဏ်ရာနှင့် ကျဆုံးမှုအနည်းငယ် ရှိခဲ့သည်ဟု ဆိုသည်။
နယ်စပ်တစ်လျှောက် တိုက်ပွဲများ ပြင်းထန်
ဘလယ်ဒိုစခန်းအပြင် မြဝတီမြို့နယ်တောင်ဘက်ရှိ သေ့ဘောဘိုး၊ ဝေါလေ၊ ကနဲလေးနှင့် ထီကပလယ်စခန်းများကိုလည်း KNLA နှင့် မဟာမိတ်တပ်များက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။
ထိုအပြင် မြဝတီ-ဝေါလေလမ်းပိုင်းအကျော်ရှိ မော်ခီးစခန်းကိုလည်း ကော်သူးလေအာမီ – KTLA နှင့် ပူးပေါင်းတပ်ဖွဲ့ဘက်မှ စစ်ရေးအရှိန်မြင့်တင်နေသည်ဟု KTLA စစ်ဖက်ဆိုင်ရာ သတင်းရင်းမြစ်က သံလွင်ခက်ကို ပြောသည်။
၎င်းက “မော်ခီးစစ်ကောင်စီစခန်းကို အခု လက်ရှိ တိုက်ခိုက်နေပါတယ်။ အသိပေးချင်တာက KTLA အနေနဲ့ စစ်ရေးအရှိန်မြှင့်နေသလို အခြားသော တော်လှန်ရေးအဖွဲ့တွေနဲ့လည်း လက်တွဲပြီး တိုက်ခိုက်ချေမှုန်းနေကြောင်းပါ။ အခုလည်း မော်ခီး စခန်းတိုက်နေရင်းနဲ့ ဘလယ်ဒိုစခန်းကိုတခြားသော တော်လှန်ရေးပူးပေါင်းစစ်ကြောင်းနဲ့ပူးပေါင်းသိမ်းပိုက်နိုင်ခဲ့ပါတယ် ” ဟုဆိုသည်။
လက်ရှိအချိန်တွင် မြဝတီ – ဝေါ်လေလမ်းမကားလမ်းတလျှောက်တွင် ဝေါလေ ဗျူဟာ၊ ဥကရစ်ထ၊ သေ့ဘောဘိုး၊ စသည့် စစ်ကောင်စီတပ်စခန်းများကျန်ရှိပြီး ဝေါ်လေအကျော်တွင် မော်ခီး၊ ကနဲလေး၊ ထီးကယ်ပလယ် စသည့်စခန်းများကျန်ရှိတော့သည်။
ပထမအကြိမ်သိမ်းပိုက်ခြင်း
ဘလယ်ဒိုစခန်းသည် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်က တော်လှန်ရေးတပ်များက ပထမဆုံးအကြိမ် သိမ်းပိုက်ခဲ့ဖူးပြီး ထိုစဉ်က စစ်ကောင်စီတပ်သား ၆၀ ခန့် သေဆုံးခဲ့သည်။ ယခုအခါ ၂၀၂၅ ခုနှစ်တွင် ဒုတိယအကြိမ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဒေသခံများအား သတိပေး
တိုက်ပွဲများကြောင့် ဒေသခံများအား မြဝတီ-ထိုင်းနယ်စပ်သို့ မသွားရန် ထိုင်းသတင်းဌာနအချို့တွင်ရေးသားထားသည်။ “စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတာကို မထင်ရင် မထင်သလိုကြဲတယ်၊ နေရာလည်းမရှောင်ဘူး၊ အချိန်လည်းမရှောင်ဘူးဆိုတော့ ဘေးလွတ်ရာကို သေချာတွေးဖို့ လိုအပ်တယ်” ဟု လော့ခေါ်ဒေသခံတစ်ဦးက ပြောသည်။
ဓာတ်ပုံ – ဘလယ်ဒိုစခန်းမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ(KNU)
