ခင်သရဖီဦး
အာရက္ခတပ်တော် AA က ရခိုင်တွင် မပြီးပြတ်သေးသော တိုက်ပွဲများအား ဆင်နွှဲနေချိန်တွင် စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သည့် ရခိုင်မှ လူငယ်များအား ပြည်ပသို့ ထွက်ခွာရန် ပိတ်ပင်လိုက်ကြောင်း မေလ ၂၂ ရက်က ထုတ်ပြန်လိုက်သည်။
ရခိုင်ရှိ လူငယ်များမှာ အာရက္ခတပ်တော် AA ၏ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဠာန်းချက် (NDEP) အပေါ် သေချာနားမလည်ဘဲ အဓိပ္ပာယ်ကောက် လွဲမှားပြီး တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရန်အတွက် ရှောင်လွဲရန် ကြိုးပမ်းအားထုတ်လာသည်ကို ကြားသိရသည်ဟု တပ်တော်က ဆိုသည်။
ထိုကြောင့် အမျိုးသမီးဆိုလျှင် အသက် ၁၈ နှစ်မှ ၂၅ အတွင်း အမျိုးသားဆိုလျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အကျုံးဝင်သူများကို သွားလာခွင့် မပြုဘဲ လက်ရှိတိုက်ပွဲများကြောင့် ဖြစ်ပေါ်လာသော အရေးပေါ်ကာလတစ်ခု ပြီးဆုံးချိန်အထိ တားမြစ်လိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရခိုင်လူငယ်များ၏ သဘောထားအမြင်များအား သံလွင်ခက်မှ မေးမြန်းထားသည်။
မြောက်ဦး ဒေသခံ အသက် ၂၆ နှစ် လူငယ် အမျိုးသမီးတစ်ဦး
အလုပ်အကိုင်ရှားပါးတဲ့ ရခိုင်မှာ လူငယ်၊ လူလတ်ပိုင်းတွေက ကိုယ့်ဒေသကနေ ပြည်ပထွက်တယ်ဆိုတာ အရင်ကတည်းက ရှိလာခဲ့ကြတာပါ။ စစ်မူထမ်းကြေညာပြီးမှ ထွက်ကြတာမျိုးတော့ မဟုတ်ပါဘူး။ အခုအခြေအနေအရတော့ AA ဘက်က ကြည့်ရင် ဒီလိုထွက်တာက တော်လှန်ရေးကာလမှာ အရေးကြီးဆုံးဖြစ်တဲ့ လူငယ် လူ့အရင်းအမြစ်တစ်ရပ်ကို ဆုံးရှုံးရသလို ဖြစ်နေတယ်။ လူငယ်တွေအနေနဲ့လည်း ဒီတော်လှန်ရေးကာလမှာ ဦးဆောင်သူ တပ်တော်နဲ့အတူ အနာဂါတ်ကို ဖန်တီးဖို့ ဝတ္တရားရှိတယ် ဆိုပေမယ့်လည်း ဒါက ဆန္ဒအလျောက်ပဲ ဖြစ်သင့်ပါတယ်။ အခုလို တင်းကျပ်တဲ့ ပိတ်ပင်မှုမျိုးက နှစ်ဦးနှစ်ဖက် အမြင် ပိုစောင်းစေပြီး ဆန္ဒအလျောက် မဟုတ်တဲ့အတွက် တော်လှန်ရေးအတွက် အထောက်အပံကောင်းတွေလည်း ဖြစ်လာနိုင်ဖို့မရှိပါဘူး။
မြေပုံ ဒေသခံ အသက် ၂၂ နှစ် လူငယ်တစ်ဦး
ကျနော်အနေနဲ့ကတော့ ဒါကတော့ ကိုယ့်ရဲ့ နယ်မြေဒေသ နိုင်ငံရေးအခြေအနေအရ စစ်ပွဲအခြေအနေအရ မပြီးသတ်သေးတဲ့ အခြေအနေမှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခြေအနေမှာ လိုက်ပြီးတော့ ထုတ်ပြန်ရတဲ့ စည်းကမ်းလို့လည်း မြင်ပါတယ်။
နောက်တော့ တစ်ဖက်မှာ အမျိုးသားရေးနဲ့ တွေးမယ်ဆိုရင် တာဝန်က လူတိုင်းက တာဝန်တစ်ခုယူရမယ်။ တာဝန်တစ်ခုစီ ထမ်းဆောင်ရမယ့် အရေးပေါ် အခြေအနေလို့ ပြောလို့ရတယ်။ ကိုယ်တိုင်ကလည်း အရေးပေါ်လို့ သတ်မှတ်ထားတယ်။ အဲဒီလို လုပ်တာကိုတော့ လက်ခံတယ်လို့တော့ ပြောလို့ရတယ်။ လုပ်သင့်တဲ့ အခြေအနေပေါ့လေ။
ဒါပေမယ့် တစ်ဖက်မှာ ဒေသတွင်းက လူငယ်တွေရဲ့ အမြင်ကိုလည်း ကြည့်ဖို့ လိုမယ်။ သူတို့က ဘာကြောင့် ထွက်ချင်ကြတာလဲ။ ပညာရေးကြောင့်လား၊ ကျန်းမာရေးကြောင့်လား၊ စားဝတ်နေရေးကြောင့်လား။ အဲဒါတွေအပေါ်မှာ တစ်ဖက်က ထုတ်ပြန်ထားတဲ့ အရေးပေါ်အခြေအနေ ဥပဒေ၊ စည်းကမ်း ထုတ်ပြန်ချက်အပြင် ဒီဘက်မှာ လိုက်နာသင့်တဲ့ တာဝန်ထမ်းဆောင်ချင်တဲ့ စိတ်ရှိလာအောင် ပိုပြီးတော့ လုပ်ပေးသင့်တယ်။
ပညာရေးဖြစ်ဖြစ်၊ စားဝတ်နေရေးဖြစ်ဖြစ် အဲဒီလိုပုံစံမျိုးပေါ့။ အစိုးရတစ်ရပ်အနေနဲ့လည်း။ နောက်တစ်ခုက ဒါကတော့ ထုတ်ပြန်တယ်၊ မထုတ်ပြန်ဘူးဆိုတဲ့ တစ်ခုပဲပေါ့လေ။ အစကတည်းက ဒါက ရှိနေတော့။ တစ်ခုရှိတာကတော့ ကျနော်တို့က ပိုပြီးတော့ ပျော့ပြောင်းတဲ့ အခြေအနေတစ်ခုနဲ့ သွားစေချင်တာပေါ့လေ။
ဘာကြောင့်လဲဆိုတော့ အခုလို စာထုတ်ပြီး တားမြစ်လိုက်တယ်ဆိုတာထက် ပြည်သူတွေကိုယ်တိုင်က ဒါတွေကို နှလုံးသားထဲမှာ ရှိနေအောင် အဘက်ဘက်က ထောက်ခံပြီး လုပ်လို့ ရတဲ့နည်းတွေနဲ့ လုပ်စေချင်တာပါ။
ဒါပေမယ့် ထုတ်ပြန်ထားတဲ့ဟာမှာ ပါတဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို မလိုက်နာဘဲ ပြောချင်တာက တချို့ သတ်မှတ်ထားတာတွေရှိမှာပေါ့လေ။ လူက ဘယ်လို လူတွေ ဝင်လို့ရမယ်။ သက်ကြီးပိုင်းတွေကို စောင့်ရှောက်ပေးနေတဲ့လူတွေက စစ်မှုထမ်းစရာ မလိုဘူးဆိုတဲ့ စည်းကမ်းချက်တွေကို ကျော်လွန်ပြီးတော့ တာဝန်ရှိတဲ့ လူတွေနဲ့ ရင်းနှီးပြီးတော့ လက်သပ်ပြီး စစ်မှုထမ်းဖို့အတွက် ကင်းလွတ်ခွင့်ပေးတာတွေကို စည်းကမ်းရှိဖို့ လိုတယ်လိုတော့ လူငယ်တစ်ယောက်အနေနဲ့ မြင်ပါတယ်။
ကျောက်ဖြူဒေသခံ အသက် ၂၃ နှစ် လူငယ်တစ်ဦး
အာရက္ခတပ်တော် AA က လူငယ်တွေကို ပြည်ပထွက်ခွာခွင့် ပိတ်လိုက်တဲ့အတွက် ကောင်းတာတွေတော့ အများကြီး ရှိပါတယ်။ မတရား ဖမ်းဆီးခံရတာတွေ၊ မလိုအပ်ဘဲ အသက်ဆုံးရှုံးတာတွေက အရင်ကထက်စာရင် လျော့သွားမယ်လို့တော့ မြင်မိတယ်။ နောက်တစ်ခုက စစ်မှုထမ်းရဖို့ အချက်တွေလည်း ပါတော့ ကျနော်တို့က ပြည်တွင်းမှာက မပြည့်ဝတာတွေကို တော်တော်များများ လုပ်နေရတဲ့ အခြေအနေဆိုတော့ စစ်မှုထမ်းတာတော့ ကောင်းတာပေါ့။ တစ်ဖက်မှာ မိသားစုအပေါ်ကို အများကြီး ပံ့ပို့ပေးနေရတာတွေရှိတယ်။ သူရှိမှ မိသားစု စားဝတ်နေရေး အဆင်ပြေမှာဆိုတဲ့ လူငယ်တွေရှိတယ်။ တစ်ဖက်မှာလည်း အဲလို ချို့ယွင်းချက်တွေကို စဉ်းစားဖို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့တော့ လိုအပ်တယ်လို့တော့ မြင်ပါတယ်။
မောင်တောဒေသခံ အသက် ၂၅ နှစ် လူငယ်တစ်ဦး
အခုလိုမျိုး ပိတ်လိုက်တာကတော့ AA အတွက်ကတော့ ကောင်းတာပေါ့လေ။ လူငယ်အတွက်ကကျတော့ မကောင်းဘူးပေါ့။ ဘာလို့ဆို လူငယ်တွေရဲ့ ရည်မှန်းချက်တွေ ပျောက်သွားတာတွေ ရှိမယ်။ နောက်ပြီး အခုကာလမှာ အခုလိုမျိုး ထုတ်ပြန်လိုက်တဲ့အတွက် မိသားစု စားဝတ်နေရေး ပိုမိုကျပ်တည်းလာတာတွေ ရှိမယ်။ အဲဒါတွေကိုတော့ တပ်တော်အနေနဲ့ ဘယ်လို ဆုံးဖြတ်ပေးမလဲ။ ပြီးတော့ အခုထက်ပိုတဲ့ မူဝါဒတွေ၊ စည်းကမ်းချက်တွေ တရားဝင် ထုတ်ပြန်ပေးသင့်တယ်။ နောက်ပြီး အဲဒီအသက်ကန့်သတ်ချက်တွေမှာ ပါတဲ့ လူတွေမှာလည်း စစ်မှုထမ်းကင်းလွတ်ခွင့်ပေးရမှာတွေ လုပ်ပေးသင့်တယ်။ ဘယ်လိုလူတွေက ကင်းလွတ်ခွင့်ရမှာဆိုတာမျိုးတွေကို အခုထက်ပိုပြီး စည်းကမ်းတကျ လုပ်သင့်တယ်။
မြေပုံဒေသခံ အသက် ၁၉ နှစ် အမျိုးသမီးငယ်တစ်ဦး
အခုက ပြည်ပထွက်ခွာခွင့် ပိတ်လိုက်တော့ ပြည်တွင်းမှာရှိတဲ့လူငယ်တွေအတွက်ကတော့ ပညာရေးအခြေအနေက လုံးဝ အဆင်မပြေဘူး။ ကျောင်းတွေကလည်း မရှိဘူး။ တက္ကသိုလ်တက်မယ့် ကျောင်းသားတွေကလည်း ပိုပြီး အဆင်မပြေဘူးပေါ့လေ။
နောက်ပိုင်းက အင်တာနက်ကလည်း မရ၊ ဖုန်းလိုင်းကလည်း မရဘူးဆိုတော့ အခုက အသစ်အသစ်တွေ သင်ယူဖို့ဆိုရင်လည်း သင်ယူလို့ မရဘူး။ အဲဒီလို မရတော့ သင်ယူဖို့အတွက် နေရာလည်း မရှိဘူး။
တချို့ဆို စားဝတ်နေရေးအတွက် အိမ်အတွက် ပြည်ပထွက်ခွာဖို့အတွက် ပိတ်လိုက်တာတွေရှိမယ်။
နောက် ရခိုင်မှာက အလုပ်အကိုင်အခွင့်အလမ်းကလည်း မရှိဘူး။ အဲဒီလိုမျိုး အခြေအနေတွေ ဖြစ်နေတော့ တပ်တော်ဘက်ကလည်း လျှော့ပေါ့ စဉ်းစားသင့်တယ်။ အားလုံးကို ပိတ်တာထက် အခြေအနေတစ်ခုပေါ်မှာ မူတည်ပြီးတော့ သွားခွင့် လာခွင့်ပေးသင့်တယ်။
တကယ်လို့ အဲဒီလို ပိတ်လိုက်ရင်တော့ ပညာရေးနဲ့ ဆိုင်တဲ့ အခွင့်အလမ်းတွေ ဖွင့်ပေးသင့်တာတွေကို လုပ်စေချင်တယ်။
နောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း အများကြီးဖန်တီးပေးရမှာပေါ့။ သင့်လျော်တဲ့ နေရာပေးမှုတွေ အများကြီးလိုအပ်ပါတယ်။
မင်းပြားဒေသခံ အသက် ၂၉ နှစ် လူငယ်တစ်ဦး
ပထမဆုံး တစ်ချက်အနေနဲ့ ဒီထုတ်ပြန်ချက်ဟာ ရခိုင်တွေ နေရပ်စွန့်ခွာတာနဲ့ ပတ်သက်ပြီး ကန့်သတ်တဲ့ ထုတ်ပြန်ချက်သာ ဖြစ်ပြီး စစ်မူထမ်းအတွက် ထုတ်ပြန်တဲ့ ထုတ်ပြန်ချက် မဟုတ်ဘူးဆိုတာကို နားလည်ဖို့လိုတယ်။
ပြီးတော့ ထုတ်ပြန်ချက်ထဲမှာ ရခိုင်တွေ မြန်မာစစ်တပ်ဆီမှာ စစ်သားစုဆောင်း မခံရဖို့၊ လူကုန်ကူး ခံရတာတွေ မဖြစ်စေဖို့၊ ကျားဖြန့်ဂိုဏ်းတွေ လက်ထဲ မရောက်စေဖို့ ဆိုပြီး ရည်ရွယ်ချက်ကို ဖော်ပြထားတယ်။ ဒါကြောင့် ဒီထုတ်ပြန်ချက်ဟာ ရခိုင်ပြည်သူတွေကို အကာအကွယ် ပေးဖို့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်လို့ ပြောလို့ရတယ်။
ဒါပေမယ့် တစ်ဖက်မှာ အစိုးရအနေနဲ့ ပြည်သူတွေအတွက် မဖြစ်မနေ ထည့်စဉ်းစားရမယ့် အရာတွေ ရှိတယ်။ အထူးသဖြင့် လူငယ်တွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပညာရေး အခွင့်အလမ်းတွေ မဆုံရှုံးအောင် အသေအချာ ဆောင်ရွက်ဖို့ လိုတယ်။
လောလောဆယ်မှာ ပြည်သူတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးက အရေးကြီးတယ်ဆိုပေမယ့် ရေရှည်မှာ ဖြစ်လာနိုင်တဲ့ ဒီကန့်သတ်ပိတ်ပင်မှုရဲ့ ပြည်သူလူထုဘဝအပေါ် အကျိုးသက်ရောက်မှုတွေကို အစိုးရအနေနဲ့ လေ့လာစောင့်ကြည့်ဖို့လိုတယ်။ ပြီးတော့ လိုအပ်တာတွေကို ပြုပြင်ပြောင်းလဲတာတွေ၊ ဖြေလျှော့တာတွေလည်း လုပ်နိုင်ဖို့လိုတယ်။