ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ပြီး ရခိုင်ပြည်နယ်ကို ပေးဖို့ ရည်ရွယ်ထားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နောက်ဆုတ်သွားခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ရင် ဘင်္ဂလားဒေ့ရှ်အစိုးရက ဘယ်အဖွဲ့အစည်းနဲ့မှ ဆွေးနွေးမှုတွေ ဆောင်ရွက်မှာ မဟုတ်ဘူးလို့ ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဒေါက်တာ ခါလီလုရ် ရာမန်က မေလ ၂၁ ရက်မှာ ပြောဆိုသွားခဲ့တာပါ။
ဒါပေမယ့်လည်း အဲဒီကိစ္စအတွက် နှစ်ဖက်စစ်ခေါင်းဆောင်တွေနဲ့ နိုင်ငံခြားရေးဌာနတွေက အနီးကပ်ဆုံး ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့လည်း သူက အတည်ပြုခဲ့ပါတယ်။
အဲဒီစင်္ကြံလမ်းစီမံကိန်းကို ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ် ဝါကာ အူ ဇမန်းက ‘သွေးစွန်းစင်္ကြံလမ်း’လို့ ရည်ညွှန်း ခေါ်ဆိုခဲ့ပြီး နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေလိမ့်မယ်လို့ အပြင်းအထန်ဝေဖန်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်က အပြင်းအထန် ဝေဖန်ပြီးနောက်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်ပြီး ရခိုင်ပြည်နယ်ကို ပေးဖို့ ရည်ရွယ်ထားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးစင်္ကြံကနေ အိမ်စောင့်အစိုးရက နောက်ဆုတ်သွားခဲ့တာပါ။
တဆက်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်က ‘ဘင်္ဂလားဒေ့ရှ်စစ်တပ်အနေနဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိခိုက်စေမယ့် ဘယ်လိုဆောင်ရွက်ချက်မျိုးမှာမှ ပါဝင်မှာ မဟုတ်သလို အဲဒီလိုလုပ်ဆောင်ဖို့ကိုလည်း ဘယ်သူ့ကိုမှ ခွင့်ပြုမှာ မဟုတ်ဘူး’ လို့ ပြောဆိုခဲ့ပါသေးတယ်။
အဲဒီစင်္ကြံလမ်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ပိုင်းမှာ ရှိတဲ့ စစ်တကောင်းဒေသကနေ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ရှိတဲ့ အရပ်သားတွေဆီ အကူအညီပေးဖို့ ရည်ရွယ်ထားတဲ့ စီမံကိန်းဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ နိုင်ငံခြားသားတွေရဲ့ အကျိုးစီးပွားထက် ကိုယ့်နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကိုသာ ဦးစားပေးရမှာဖြစ်သလို အခုစီမံကိန်းကိုလည်း ပြည်သူလူထုက ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက် တင်မြှောက်ထားတဲ့ လွှတ်တော်ကသာ ဆုံးဖြတ်ရမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ခါလီလုရ် ရာမန်က ပြောဆိုခဲ့ပါတယ်။