အမီးလေး
ငလျင်ကြီးကြောင့် ပြိုကျခဲ့သည့် မန္တလေးမြို့က Sky Villa ကွန်ဒိုတွင် အမျိုးသားတစ်ဦး၏ အလောင်းအား မေလ ၂၂ ရက်တွင် ထပ်မံတွေ့ ရှိခဲ့ပြီး ထုတ်ယူရန် လုပ်ဆောင်နေသည်ဟု ကူညီ ဆောင်ရွက်ပေးနေသူ အမျိုးသားတစ်ဦးက ပြောသည်။
ငလျင်ကြီးလှုပ်ခတ်ခဲ့သည့်မှာ နှစ်လနီးပါး ကြာသည်အထိ Sky Villa ကွန်ဒိုတွင် ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေရဆဲ ဖြစ်သည်။
“အလောင်းကို တွေ့ရင် အလောင်းကို ရှာပေးမယ်။ အလောင်းကို အဓိကထား ပြီးတော့ ရှာထုတ် ပေးတယ်။ ပစ္စည်းတွေ ဘာတွေကတော့ ရွှေငွေတန်းဖိုးရှိတဲ့ ပစ္စည်းတွေကို မကိုင်ဘူး။ သက် ဆိုင်ရာ အဖွဲ့အစည်းတွေပဲ ထိန်းသိမ်းထားတာ” ဟု ကူညီ ဆောင်ရွက်ပေးနေသူက ဆိုသည်။
ယမန်နေ့က အလောင်းနှင့်အတူ မီးခံသေတ္တာ တစ်လုံး၊ မြန်မာငွေ သိန်း ၇၀၊ ရွှေဟန်းချိန်း နှစ်ခု၊ ရွှေဆွဲကြိုး သုံးကုံး၊ ရွှေ နားဆွဲ ခြောက်စုံ၊ ရွှေဆွဲသီး ငါးခု၊ ရွှေလက်ကောက် တစ်ခု၊ ရွှေဖီချူး တစ်ခု၊ ရွှေလက်စွပ် ရှစ်ကွင်း၊ ကျောက်ပါ နားကပ် တစ်စုံနှင့် ငွေထည်ပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု Myanmar Fire Services Department က ထုတ်ပြန်သည်။
ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် Sky Villa တွင် ရှင်းလင်းရေးကိုသာ အဓိလုပ်ဆောင်နေပြီး ၇၀ ရာခိုင်နှုန်းအထိ ရှင်းလင်းနိုင်ခဲ့ပြီး ဖြစ်သည်ဟု ၎င်းအမျိုးသားက ဆက်ပြောသည်။
“ရှာဖွေရေးလုပ်နေတာက Sky Villa တစ်ခုပဲ ရှိတော့တယ်။ ကျန်တဲ့ဟာတွေကတော့ ဖြိုဖျက်ရေး ရှင်းလင်းရေးပဲ လုပ်နေရတော့တာလေ။ ဒီလူအသေအပျောက်ရှိနိုင်တဲ့ ဒီ Sky Villa မှာတော့ နောက်ထပ် အလောင်းတွေလည်း ရှိနိုင်တယ်လို့ ယူဆရလို့” ဟု ဆိုသည်။
မတ်လတွင် လှုပ်ခတ်သွားသည့် အင်အားပြင်း ငလျင်ကြောင့် Sky Villa ကွန်ဒိုတွင် သေဆုံးသူ ၂၃၀ ကျော် ရှိလာပြီး သေဆုံးသူ စုစုပေါင်း ၄၀၀၀ ကျော်အထိ ရှိခဲ့သည်။
ပုံစာ- Sky Villa ကွန်ဒိုမှ ထပ်မံတွေ့ရှိသည့် အလောင်းအား ထုတ်ယူလာစဉ်