မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံအတွက် အထူးသဖြင့် မဲခေါင်မြစ်နဲ့ အခြားနယ်စပ်ဖြတ်ကျော်စီးဆင်းနေတဲ့ မြစ် သုံးစင်း တလျှောက် နေထိုင်ကြတဲ့ မြောက်ပိုင်းစွန်းက ထိုင်းပြည်သူတွေအတွက် အဆိပ်အတောက်ဖြစ်စေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တယ်လို့ Asia Financial က ရေးသားလိုက်ပါတယ်။
မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်က ‘ဝ’ နဲ့ ‘လားဟူ’ ထိန်းချုပ်နယ်မြေတွေမှာ တရုတ်သတ္တု တူးဖော်သူတွေရဲ့ မဆင်မခြင် ရွှေတူးဖော်မှုတွေကြောင့် ဆိုင်၊ ကော့၊ ရောက်နဲ့ မဲခေါင်မြစ်တွေကို အဆိပ်သင့်စေခဲ့ပါတယ်။
ဆိုက်ယာနိုက်ညစ်ညမ်းမှုက အဓိကပြဿနာတစ်ရပ် ဖြစ်လာနေပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဟက်တာ ၁,၈၀၀ ဝန်းကျင် ကျယ်ဝန်းတဲ့ သတ္တုတွင်း ၂၀ ကျော်အထိ ကျယ်ပြန့်လာခဲ့ပါတယ်။
Mekong Eye က မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တစ်စောင်မှာတော့ ‘ရှမ်းပြည်နယ် အရှေ့ခြမ်းက မြစ်တွေနဲ့ လွိုင်ခမ်း (ရွှေတောင်) ဝန်းကျင်မှာ ရှိတဲ့ တောင်ပေါ်ဧရိယာတစ်ခုက ရွှေတူးဖော်ရေးလုပ်ကွက်တွေမှာ သင့်တော်တဲ့ ဆိုင်ယာနိုက်သိုလှောင်မှု ဒါမှမဟုတ် ထိန်းသိမ်းမှုဆိုင်ရာ စီမံမှုအင်္ဂါရပ်တွေ ရှိမနေတာကို ကောင်းကင်ဂြိုဟ်တုဓာတ်ပုံတွေကနေ တွေ့မြင်ခဲ့ရတယ်’ လို့ ဖော်ပြထားပါတယ်။
နမ့်ခမ်း (ရွှေမြစ်) က စီးဝင်လာတဲ့ ကန်ငယ်တစ်ခုက ရေကို သောက်မိတဲ့ ကျွဲ၊ နွားတွေ သေဆုံးကုန်ကြတယ်လို့ တာချီလိတ်မြို့မှာ ရှိတဲ့ ရွာတစ်ရွာက တောင်သူတွေက ပြောပါတယ်။
ကော့၊ မဲခေါင်နဲ့ ဆိုင်မြစ်တွေမှာ လူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ရှိနေတာတွေ့ရပြီး အဲဒီပစ္စည်းတွေဟာ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကနေ လာတာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။
ရွှေတူးဖော်ရေးသတ္တုတွင်းတွေဟာ မြန်မာနိုင်ငံရဲ့ ဩဇာအကြီးမားဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA ထိန်းချုပ်ဒေသတွေမှာ တည်ရှိနေပါတယ်။
တချို့သော ရွှေသတ္တုတွင်းတွေကတော့ လားဟူလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တည်ရှိပါတယ်။
အဲဒီနှစ်ဖွဲ့စလုံးဟာ မြန်မာစစ်တပ်နဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက အပစ်အခတ်ရပ်စဲရေးသဘောတူ ထားကြပါတယ်။
သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ သက်ဆိုင်တဲ့ အကဲဖြတ်မှုတွေ မရှိဘဲ လည်ပတ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံက မိုင်းတွင်းတွေ၊ အာဆင်းနစ်နဲ့ အဆိပ်ဖြစ်စေတဲ့ အခြားဓာတုပစ္စည်းတွေကြောင့် မြစ်ရေညစ်ညမ်းမှုဖြစ်ပေါ်နေပြီး ပြည်သူတွေအကြား စိုးရိမ်စိတ် မြင့်တက်နေသလို ကန့်ကွက်မှုတွေလည်း ထွက်ပေါ်လာနေပါ တယ်။
ဒါကြောင့်လည်း မြန်မာဘက်ခြမ်းက ရွှေတူးဖော်မှုတွေကြောင့် စီးဝင်လာတဲ့ အန္တရာယ်ရှိတဲ့ ညစ်ညမ်းပစ္စည်းတွေကို စစ်ထုတ်ဖို့ ထိုင်းနိုင်ငံမြောက်ပိုင်းမြစ်တွေမှာ ရေစစ်ယူသန့်စင်မယ့် ဆည်ငယ်တွေ တည်ဆောက်ဖို့ ထိုင်းအစိုးရက စီစဉ်နေတယ်လို့ ထိုင်းနိုင်ငံရဲ့ ဒုဝန်ကြီး ဖမ်သမ် ဝီချာယာချိုင်းက မေလ ၂၁ ရက်မှာ ပြောဆိုခဲ့ပါတယ်။
ညစ်ညမ်းမှုတွေက မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတယ်လို့ ထင်ရတဲ့ နယ်မြေတွေထဲက မိုင်းတွင်းတွေကနေ လာတာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။
လက်ရှိမှာတော့ ထိုင်းရေအရင်းအမြစ်ဌာနက ဆည်ငယ်တွေရဲ့ ပုံစံကို ဒီဇိုင်းဆွဲနေပြီး အဲဒီဆည်အသေးစားတွေက နောက်ပိုင်း စွန့်ထုတ်မယ့် အန္တရာယ်ရှိတဲ့အရာတွေကို ဖယ်ထုတ်နိုင်လိမ့်မယ်လို့လည်း ထိုင်းဒုဝန်ကြီးက ပြောခဲ့ပါတယ်။
Ref: Asia Financial