ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၊ တပ်မဟာ ၆၊ ထိုင်း -မြန်မာနယ်စပ်ရှိ စစ်ကောင်စီစခန်းများအား သိမ်းပိုက်နိုင်ရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဆက်လက် တိုက်ခိုက်နေဆဲဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ဘလက်ဒိုစခန်း၊ ကနဲလေးနှင့် တပ်မ ၄၄ အခြေစိုက်ရာ ဗျူဟာဖြစ်သည့် သေ့ဘောဘိုးစခန်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
၎င်းက “အဲဒီစခန်းကို တိုက်တာ သုံးရက်နဲ့ တစ်ည ရှိပြီပေါ့။ မနေ့ကလည်း ဒရုန်းနဲ့ ကြဲနေတယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် တိုက်ပွဲပြင်းထန်ခြင်းကြောင့် နှစ်ဖက် ထိခိုက်မှုရှိသော်လည်း သံလွင်ခက်အနေဖြင့် ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
ထို့အပြင် မြေပြင်တိုက်ပွဲပြင်းထန်နေသောကြောင့် သေ့ဘောဘိုးကျေးရွာဒေသခံတချို့မှာ သောင်ရင်းမြစ်ချောင်းဘေးသို့ သွားရောက် ပြောင်းရွှေ့နေထိုင်သူများလည်း ရှိနေသည်ဟု ကျေးရွာမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
၎င်းက “တိုက်ပွဲဖြစ်တာတော့ သုံး၊ လေးရက်ရှိပြီ။ နီးတော့ နီးတယ်။ ရွာထဲမှာပဲ ပစ်နေတာဆိုတော့။ ချောင်းဘေးမှာ တချို့ကသွားနေကြပြီ။ အဝေးကနေ သူပစ် ကိုယ်ပစ်ဖြစ်နေတယ်” ဟု ပြောသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA နှင့် ပူးပေါင်းအဖွဲ့များမှ ဦးဆောင်တိုက်ခိုက်နေခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် KNLA ဦးဆောင်ပြီး မော်ခီးနှင့်သေ့ဘောဘိုးစခန်းကို သိမ်းပိုက်နိုင်ခဲ့သော်လည်းစစ်ကောင်စီမှ သာလွန်အင်အားဖြင့် တန်ပြန်ထိုးစစ်ကြောင့် ပြန်လည် လက်လွှတ်ခဲ့ရသည်။
လက်ရှိတွင် KNLA နှင့် ပူးပေါင်းတပ်များမှ သောင်ရင်းမြစ်တလျှောက်ရှိ မော်ဖိုးခီစခန်း၊ မော်ဖားသူး၊ တာလယ်၊ တခေါ်ဘီခွီး၊ ပူလူးတူ၊ ခလယ်ဒေး၊ မော်ကွီးလုနှင့် လေးဝေါ် စသည့် စစ်ကောင်စီ တပ်စခန်း ရှစ်ခုအား သိမ်းပိုက်ထားသည်။
ပုံစာ – စခန်းသိမ်းတိုက်ပွဲတစ်ခုအတွင်း အောင်ပွဲခံနေသည့် ကေအဲန်ယူတပ်သားတချို့။ (ဓာတ်ပုံ – KNU)