အမီးလေး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျောက်မြေရွာအား မေလ ၂၁ ရက် နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံအမျိုးသား တစ်ဦး သေဆုံးခဲ့သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ သိရသည်။
ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက “Y 12 နဲ့ပစ်တာ တစ်ခါပစ်ရင် ဗုံးသီး သုံး၊ လေးလုံးကျတယ်လို့ ပြောတယ်။ စစ်ရေး ရှိနေတာလည်း မဟုတ်ဘူး။ တိုက်ပွဲရှိနေတာလည်း မဟုတ်ဘူး။ ရွာပတ်ပတ်လည်ကို ပစ်တော့ ပြည်သူထိတဲ့ထဲမှာက ပြည်သူ သုံးယောက်ထဲမှာက တစ်ယောက် ဆုံးတယ်။ သူ့သားရော ထိတယ်။ သေဆုံး တစ်ယောက် အတည်ပြုတယ်။ထိခိုက်ထဲမှာတော့ နှစ်ဦးပေါ့” ဟုဆိုသည်။
သေဆုံးသူမှာ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
စစ်ကောင်စီအနေဖြင့် ကန့်ဘလူမြို့နယ်အား ယမန့်နေ့တွင် ဂျက်ဖိုက်တာဖြင့် ဗုံး ၃၀ ခန့် (အကြိမ်ရေ ၁၂ ကြိမ်) ပစ်ခတ်ခဲ့ပြီး ကျောက်မြေရွာမှ ဘုန်းကြီးကျောင်း တစ်ကျောင်း ထိမှန်ပျက်စီးသွားသည်ဟု သိရသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မေလ ၂၀ ရက်တွင်လည်း သင်တောရွာမှ ဒေသခံပြည်သူ ခြောက်ဦး သေဆုံးခဲ့ရသည်။
ပုံစာ- ကန့်ဘလူမြို့နယ်တွင် မေလ ၂၁ ရက်က စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲပြီး မြင်ကွင်း (ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)