အမီးလေး
ချင်းကာကွယ်ရေးတပ်-အရှိုနယ်မြေရှိ စာသင်ကျောင်းများတွင် တာဝန်ထမ်းဆောင်မည့် ကျောင်းဆရာ ဆရာမများအား ခြိမ်းခြောက်နှောက်ယှက်ဟန့်တားခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်းအပြင် ပညာသင်ကြားမှုများအား ဝင်ရောက်စွက်ဖက်ခြင်းတို့ မပြုလုပ်ရန် CDF-Asho မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်း က ပြောသည်။
“အထူးသဖြင့် လာရောက်သင်ကြားမယ့် ဆရာ ဆရာမတွေရဲ့ အကြောင်းပြချက်ထဲမှာ ပါလေ့ပါထရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ကြောက်ရတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးမှုတွေ၊ ချုပ်နှောင်မှုတွေ လုပ်တတ်တယ်။ တခြားဒေသ လုပ်တာတွေကို မြင်ပြီးတော့ ကြောက်ရွံ့တတ်တဲ့ အကြောင်းအရာတွေကို အကြောင်းပြတတ်တာမို့လို့ ကျတော်တို့အနေနဲ့ ဒီလိုမျိုး လုံးဝ မလုပ်ပါဘူး ဆိုတာကို ပြောချင်တာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ချင်းပြည်နယ်-မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသကျေးရွာများရှိ အခြေခံစာသင်ကျောင်းများအား ဖွင့်လှစ်နိုင်ရန်အတွက်ဖြစ်ပြီး ထိုဒေသသည် ကလေးငယ်များအတွက် ပညာရေး နောက်ကျကျန်ရစ်နေသည့် ဒေသဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
“အာဏာမသိမ်ခင်ကာလကလည်း ဒီဒေသကို တာဝန်ထမ်းဆောင်ချင်သူ နည်းသလို တာဝန်ကျပြီးရင်တော့ လာရောက်ဖို့အတွက် အဆင်မပြေတာတွေ လာရောက်ဖို့အတွက် ငြင်းဆန်ကြတာတွေ ဒီလိုမျိုး အားနည်းချက်တချို့တွေ ရှိခဲ့တာကြောင့် ကျနော်တို့ ဒေသတွင်းမှာရှိတဲ့ ကလေးငယ်တွေအနေနဲ့ ပညာရေးနောက်ကျမှုအပိုင်းတွေကို ကြုံလာရတာက ဆယ်စုနှစ်ပေါင်းများစွာ ခံလာရတာဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်မှာတော့ ပိုဆိုးတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
စစ်အာဏာသိမ်းပြီး လေးနှစ်အတွင်း စစ်ကောင်စီအနေဖြင့် စာသင်ကျောင်းများအား တိုက်ခိုက်မှု ၁၄၅ ကျောင်းထက်မနည်းပြုလုပ်ခဲ့ပြီး ကျောင်းသားနှင့် ဆရာ သေဆုံးမှု ၁၅၀ ကျော်ရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားသည်။
ပုံစာ- စစ်ကောင်စီ၏ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရသော ဒီပဲယင်း အိုးတိန်တွင်း စာသင်ကျောင်း