ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ အုမ္မတီးကျေးရွာကို စစ်ကောင်စီမှ ယနေ့ မေလ ၂၂ ရက်နေ့ ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် လေကြောင်းမှတဆင့် ဗုံးလေးလုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က သတင်းထုတ်ပြန်သည်။
ယခုလကုန်ပိုင်းထိ အပစ်အခတ်ရပ်စဲရေးကြေညာထားသော်လည်း စစ်ကောင်စီမှ ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ (TNLA၊ MNDAA၊ AA) တို့သည် ယခုလကုန်ထိ ယာယီအပစ်အခတ်ရပ်စဲရေးကြေညာထားပြီး စစ်ကောင်စီမှလည်း ယခုလကုန်ပိုင်းအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး ကြေညာထားသည်။
ယမန်နေ့ မေလ ၂၁ ရက် ညနေပိုင်းကလည်း စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင် ပေါင် ၂၅၀ ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာရှိ အရပ်သားနေအိမ်တစ်လုံး ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်ဟုလည်း TNLA ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် မေလ ၁၈ ရက်တွင် နောင်ချိုမြို့နယ်ရှိ ဒိုးပင်ကျေးရွာအုပ်စု၊ ရတနာသိင်္ဂီကျေးရွာအနီးသို့ ပေါင် ၂၅၀ ဗုံး ခြောက်လုံးဖြင့် စစ်ကောင်စီက ကြဲချတိုက်ခဲ့သည်ဟု မေ ၂၁ ရက်တွင် TNLA ဘက်မှ ထုတ်ပြန်ပြောဆိုထားသည်။
ပုံစာ-စစ်ကောင်စီမှ TNLA ထိန်းချုပ်နယ်မြေ မန်တုံနှင့် မိုင်းငေါ့မြို့တွင် လေကြောင်းမှ တဆင့် မေ ၁၃ ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ (ဓာတ်ပုံ-PSLF/TNLA)