နန်းဆုပန်ခန့်
ထိုင်း – ကရင်နယ်ခြားမျဥ်းပေါ်ရှိ စခန်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – KNDO နှင့် ပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်လာနိုင်သည်နှင့်အမျှ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံအကြား ဆက်ဆံရေးကောင်းမွန်လာသည်ဟု ကရင်ပူးပေါင်းတပ်ဖွဲ့များထံမှ သိရသည်။
တပ်မဟာ ၇၊ ထိုင်း- ကရင်နယ်စပ်စည်းမျဉ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်း ရှစ်ခုကို ၂၀၂၄ ဒီဇင်ဘာ ၁၆ ရက်မှ ၂၀၂၅ မေလ ၁၉ ရက်အထိ ငါးလအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစခန်းများ သိမ်းပိုက်နိုင်ခြင်းကြောင့် ထိုင်းနိုင်ငံနှင့်လည်း ဆက်ဆံရေးကောင်းမွန်လာသည်ဟု ကရင်ပူးပေါင်းတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
၎င်းက “အခု ဒီနယ်စပ်မှာ ရှိတဲ့ စခန်းတွေကို သိမ်းတော့ ထိုင်းကပိုပြီး လေးစားလာတယ်ပေါ့။ ထိုင်းနဲ့ ပိုပြီးတော့ ဆက်ဆံရေးပိုကောင်းလာတာပေါ့။ ဒီနယ်စပ်ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းနဲ့ ပိုပြီး ထိတွေဆက်ဆံမှုကောင်းတဲ့အတွက် ထိုင်းက စကစအစိုးရနဲ့ သိပ်မပြောတော့ဘူး နယ်စပ်ကိစ္စတွေကိုပေါ့” ဟု ပြောသည်။
ထို့အပြင် တပ်မဟာ ၇၊ ထိုင်း – ကရင််နယ်စပ်တွင် စစ်ကောင်စီစခန်း နှစ်ခုသာ ကျန်သလို တပ်မဟာ ၆ ရှိ နယ်စပ်စည်းမျဉ်းတွင်လည်း စစ်ကောင်စီစခန်း နှစ်ခုသာ ကျန်တော့သည်ဟု အဆိုပါ ကရင်ပူးပေါင်းတပ်ဖွဲ့က ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ မော်ဖိုးခီး (မော်ဖိုးကေ) စခန်းအပြင် မော်ဖားသူး၊ တာလယ်၊ တခေါ်ဘီခွီး၊ ပူလူးတူ၊ ခလယ်ဒေး၊ မော်ကွီးလုနှင့် လေးဝေါ်စသည့် စစ်ကောင်စီခြေကုပ်စခန်း ၈ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်မဟာ (၇) စစ်ရေးကွပ်ကဲမှု လက်အောက်ရှိ တပ်ရင်း (၂၂) တပ်ရင်းမှူး ဦးဆောင်၍ သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ပူးပေါင်းတပ်ဖွဲ့ဘက်မှ စစ်ကောင်စီတပ်များကို ကျုံဒိုး၊ ကော့ကရိတ်အပြင် ကြာအင်းဆိပ်ကြီးသွားမည့် လမ်းကိုလည်း အပိုင်းပိုင်းဖြတ်တောက်ထားသောကြောင့် အောင်ပွဲနီးလာပြီဟု ပူးပေါင်းတပ်ဖွဲ့က ဆက်ပြောသည်။
ယနေ့ မေလ ၂၁ ရက်တွင် ထိုင်း − မြန်မာနယ်စပ် သောင်ရင်းမြစ်အခြေစိုက် စစ်ကောင်စီတပ်စခန်း ရှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့သော တပ်မှူး၊ တပ်သားများကို ဘားအံခရိုင် တပ်မဟာ(၇) ရှိ တာဝန်ရှိခေါင်းဆောင်များ၊ ဗဟိုနှင့် ဖားအံခရိုင်ကရင်အမျိုးသမီးအစည်းအရုံး (KWO)၊ ဒေသခံ ရွာသူရွာသားများက စခန်းသိမ်းတိုက်ပွဲများအား တိုက်ပွဲဝင်ခဲ့ကြသော တပ်ဗိုလ်၊ တပ်မှူးများနှင့် ရဲဘော်၊ရဲဘက်များကို ဂုဏ်ပြုခြင်းအစီအစဉ်အား ယမန်နေ့က ပြုလုပ်ခဲ့သည်ဟု ကေအဲန်ယူ ဗဟိုက အသိပေးပြီး ဂုဏ်ပြုပွဲ ရုပ်သံမှတ်တမ်းကို ဖော်ပြသည်။
ပုံစာ – ဂုဏ်ပြုပွဲအခမ်းအနားတွင် မြင်တွေ့နေရသည့် မြင်ကွင်း