ခင်သရဖီဦး
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် မင်းတပ်တောင်ကျေးရွာအနီးတွင် တပ်စွဲထားသည့် မင်းတပ်တောင်ကာကင်းစခန်းငယ်တစ်ခုကို မေလ ၁၉ ရက်တွင် အာရက္ခတပ်တော် (AA) က သိမ်းပိုက်ခဲ့သည်ဟု သိရသည်။
အဆိုပါ မင်းတပ်တောင်စခန်းနှင့် အစိုးရစက်မူလက်မူသင်တန်းကျောင်းကို အေအေက သိမ်းပိုက်သွားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ကာကင်းစခန်းငယ်တစ်ခုကိုသာ သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်ဟု အေအေနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
”မင်းတပ်တောင်ရွာနားက တောင်မှာ တပ်စွဲထားတဲ့ ကာကင်းစခန်းကို မေလ ၁၉ ရက်နေ့မှာ သိမ်းပိုက်ရရှိတယ်။ အဲဒါကိုတော့ အတည်ပြုနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
မင်းတပ်တောင်ကာကင်းစခန်းနှင့် စက်မူလက်မူသင်တန်းကျောင်းမှာ လမ်းလျှောက်သွားပါက ငါးမိနစ်ခန့်သာ ကြာသည့် ခရီးအကွာအဝေးတွင် ရှိသည်။ လက်ရှိတွင် စက်မှုလက်မူသင်တန်းကျောင်း၌ စစ်သားများ နေထိုင်နေခြင်းမရှိကြောင်းလည်း သိရသည်။
စစ်ကောင်စီတပ်နှင့် အေအေတို့မှာ ယင်းစခန်းအနီးတွင် ပြီးခဲ့သည့် မေလ ၁ ရက်မှစတင်၍ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကာ မေလ ၁၉ ရက်တွင် အပြီးသတ် သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။
စစ်ကောင်စီအနေဖြင့် ကျောက်ဖြူတွင် တပ်စခန်းများ မကျဆုံးစေရေး ကျောက်ဖြူအခြေစိုက် တပ်ရင်းများနှင့် ကာကင်းစခန်းများတွင် နတ်များအား ပင့်ဖိတ်ပြီး နတ်ကန္နားပွဲ ပြုလုပ်ကာ ယတြာချေမှုများ ပြုလုပ်နေသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် ကျောက်ဖြူတွင် စစ်အင်းအားတိုးချဲ့ခြင်း၊ လေကြောင်းမှ လေယာဉ်ဖြင့် တိုက်ခိုက်ခြင်း၊ နေဗီ (ရေတပ်) များမှ ရမ်းသမ်းပစ်ခတ်ခြင်းများအား ဆက်တိုက်ပြုလုပ်နေသည်။
ကျောက်ဖြူ ဒေသခံတစ်ဦးက ”စစ်ကောင်စီကတော့ ကျောက်ဖြူမှာ နေ့တိုင်းလိုလို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာတွေ ရှိတယ်။ ဒေသခံတွေကတော့ စိုးရိမ်မှုကတော့ မြင့်တက်နေတာပေါ့” ဟု ဆိုသည်။
ရခိုင်တွင် အာရက္ခတပ်တော် AA အနေဖြင့် ၁၅ မြို့နယ်အား သိမ်းပိုက်ထားပြီး လက်ရှိတွင် ကျန်ရှိနေသည့် စစ်တွေနှင့် ကျောက်ဖြူအားလည်း အပြီးသတ် သိမ်းပိုက်ရရှိရန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။