အမီးလေး
လေးပွင့်ကြယ်ကုမ္ပဏီ၏ ဖမ်းဆီးမှုမှ ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင်များ မေလ ၂၀ ရက်တွင် လွတ်မြောက်လာပြီး သတ္တုတူးဖော်မှုနှင့်ပတ်သတ်၍ ဆက်လက်ဆွေးနွေးသွားမည်ဟု ပရာဒေါင်းဆွေမျိုးစု၏ အတွင်းရေးမှူး ကိုခွန်မင်းနိုင်က ပြောသည်။
“ဖမ်းဆီးပြီးတဲ့နောက်ပေါ့ လူထုရဲ့တောင်းဆိုချက်၊ ဖိအားပေးချက်အရ ကျနော်တို့ကို နှစ်ဦးနှစ်ဖက် တွေ့ဆုံညိုနှိုင်းတာမျိုးရှိတယ်။ သဘောတူညီချက်ကတော့ တချို့တော့ ရခဲ့ပါတယ်” ဟု ကိုခွန်မင်းနိုင်က ဆိုသည်။
ပရာဒေါင်းဆွေမျိုးစု ခေါင်ဆောင်လေးဦးအား မေလ ၁၆ ရက်တွင် ကယန်းပြည်သစ်ပါတီ ဥက္ကဌ ပိုင်ဆိုင်သည့် လေးပွင့်ကြယ်ကုမ္ပဏီက ဖမ်းဆီးသွားပြီး ခြိမ်းခြောက်ကာ ခုံရုံးဖွဲ့ စစ်ဆေးခြင်းများလည်း ရှိခဲ့သည်ဟု သိရသည်။
“လက်နက်အားကိုးပြီးလုံခြုံရေးကို ခြိမ်းခြောက်တာ ရှိတယ်။ လက်ထိပ်ခတ်တာ ရှိတယ်။ တစ်ညလုံး ခြောက်ပေါက်ထဲ ထည့်တာ ရှိတယ်။ ခုံရုံးတင်ပြီးတော့ စစ်ဆေးမေးမြန်းတယ်ပေါ့။ ဒီစစ်ဆေးမေးမြန်းတဲ့ အပေါ်မှာကလည်း တရားမျှတမှု မရှိဘူးလို့ ပြောချင်တယ်” ဟု ကိုခွန်မင်းနိုင်က သူကြုံခဲ့ရသည်ကို ပြောသည်။
ထိုသို့ ဖမ်းဆီးထားစဉ် တရားမျှတမှု မရှိဘဲ စစ်ဆေးမှုများ ရှိခဲ့သော်လည်း သတ္တုတူးဖော်ခြင်းနှင့် ပတ်သက်၍ သဘောတူညီချက် မရရှိခဲ့ပေ။
သတ္တုတူးဖော်နေသည့် ကုမ္ပဏီများအနေဖြင့် ဌာနေတိုင်းရင်းသားများ၏ သဘောဆန္ဒများအား အသိအမှတ်ပြုရန်နှင့် သတ္တုတူးဖော်ခွင့်ပြုခြင်း၊ မပြုခြင်းသည် လူထု၏ ဆန္ဒသာဖြစ်သည်ဟုဆိုသည်။
ယခင်က မြင်းမထိတောင်တွင် သတ္တုတူးဖော်ခြင်းသည် ဒေသခံပြည်သူများ တပိုင်တနိုင်လုပ်ကိုင်နေသည့် လုပ်ငန်း ဖြစ်ပြီး ဒေသခံများ၏ သဘောဆန္ဒမပါဝင်ဘဲ တရုတ်ကုမ္ပဏီနှင့် လေးပွင့်ကြယ်ကုမ္ပဏီတို့က ဝင်ရောက်လုပ်ကိုင်နေကြသောကြောင့် ဒေသခံများက ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
ပုံစာ – လေးပွင့်ကြယ်ကုမ္ပဏီ၏ဖမ်းဆီးမှုကြောင့် မေလ ၂၀ ရက်နေ့တွင် ပြန်လည်လွှတ်မြောက်လာသည့် ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင်လေးဦးအားတွေ့ရစဉ်
ဓာတ်ပုံ – ပရာဒေါင်းဆွေမျိုးစုလူငယ်