အာရှနိုင်ငံတွေထဲက ဟောင်ကောင်၊ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတွေမှာ ကိုဗစ် ၁၉ ဟာ စိုးရိမ်စရာ ကိစ္စ တစ်ခု အဖြစ် တိတ်တဆိတ် ပြန်လည်ထွက်ပေါ်လာနေပါတယ်။
လတ်တလောမှာ ပြင်းထန်လူနာနဲ့ ကူးစက်သူအရေအတွက် သိသိသာသာမြင့်တက်လာနေတာပါ။
ဟောင်ကောင်မှာ ကိုဗစ် ၁၉ အခြေအနေက သေသေချာချာ စစ်ဆေးစောင့်ကြည့်မှုအောက် တဖန်ပြန်ပြီး ရောက်ရှိနေပါတယ်။
အသက်ရှုလမ်းကြောင်းနမူနာတွေမှာ ပိုးတွေ့ရလဒ်နှုန်းက တစ်နှစ်တာအတွင်း အမြင့်ဆုံး ရောက်ရှိခဲ့တယ်လို့ ကျန်းမာရေးကာကွယ်မှုစင်တာက ထုတ်ပြန်ထားပါတယ်။
မေလ ၃ ရက်အထိ သီတင်းတစ်ပတ်အတွင်း ပြင်းထန်လူနာတွေ့ရှိမှုဖြစ်စဥ် ၃၁ ခုရှိခဲ့ပြီး ၁၂ လအတွင်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
ဖျော်ဖြေရေးနယ်ပယ်ဘက်မှာလည်း ကိုဗစ်လှိုင်းသစ်ကို ခံစားနေရပြီး လူသိများထင်ရှားတဲ့ ဟောင်ကောင် အဆိုတော် အီဆန် ချမ်းလည်း ကိုဗစ်ကူးစက်ခံခဲ့ရပါတယ်။
ဒါကြောင့်လည်း ချမ်းဟာ သူ့ရဲ့ ဂီတဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ရပြီး အများပြည်သူကို ကျန်းမာရေး အသိပညာပေးမှုတွေ လုပ်ဆောင်နေပါတယ်။
စင်ကာပူနိုင်ငံမှာ မေလ ၃ ရက်အထိ သီတင်းပတ်အတွင်း ကိုဗစ်ကူးစက်မှုနှုန်းက ၂၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ခန့်မှန်းခြေအားဖြင့် ၁၄,၂၀၀ အထိ ရောက်ရှိခဲ့တယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရောက်မှုက ၃၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
ကူးစက်မှုမြင့်တက်နေပေမယ့် စင်ကာပူနိုင်ငံမှာ ပိုမိုပြင်းထန်တဲ့ ဗိုင်းရပ်စ်မျိုးကွဲသစ်တွေကို မတွေ့ရှိထားပါဘူး။
တရုတ်နဲ့ ထိုင်းနိုင်ငံဆိုရင်လည်း မေလ ၄ ရက်မတိုင်ခင် သီတင်းပတ် ၅ ပတ်အတွင်း ဆေးရုံတွေမှာ ကိုဗစ်ပိုး တွေ့ရှိနှုန်းက နှစ်ဆကျော် တိုးလာခဲ့တယ်လို့ တရုတ်ရောဂါထိန်းချုပ်မှုနှင့် ကာကွယ်မှုစင်တာက ထုတ်ပြန် ထားပါတယ်။ ဒါက တရုတ်နိုင်ငံဟာ အရင်နွေရာသီတုန်းက ကြုံခဲ့ရတဲ့ အလားတူလှိုင်းတစ်ခုထဲ ဝင်ရောက်နိုင်တယ်ဆိုတာကို သတိပေးနေတဲ့ လက္ခဏာအဖြစ် ယူဆနိုင်ပါတယ်။
ဧပြီလဆုမ်ခရမ်ပွဲတော်နောက်ပိုင်း ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှု ပြန်ပြီး မြင့်တက်လာခဲ့ပါတယ်။ အခုနှစ်ရဲ့ လအနည်းငယ်အတွင်း သိသာထင်ရှားတဲ့ ရောဂါဖြစ်ပွားမှု နှစ်ခု ကြုံခဲ့ရတယ်လို့ ရောဂါကာကွယ်ထိန်းချုပ်ရေး ဌာနက အတည်ပြုထားပါတယ်။
နွေရာသီမှာ ကိုဗစ်ဖြစ်ပွားမှု ပြန်ပြီး မြင့်တက်လာတာက စိုးရိမ်စရာဖြစ်ပြီး ဟောင်ကောင်၊ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတွေမှာ ကိုဗစ်ဖြစ်ပွားမှု ပြန်ပြီး မြင့်တက်လာခြင်းက ကပ်ရောဂါ မပြီးသေးဘူးဆိုတာကို ဖော်ပြနေပါတယ်။