အမီးလေး
ထိုင်းနိုင်ငံတွင် အမျိုးသမီးအလုပ်သမားများအား ဓမ္မတာလာစဉ် နားခွင့်ပေးရန် ဥပဒေအား မေလ ၂၀ ရက်တွင် အတည်ပြုလိုက်သည်ဟု Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်က အတည်ပြုပြောသည်။ “ဥပဒေက အတည်ပြုလိုက်တာ မှန်တယ်။ ဥပဒေကို အတည်ပြုလိုက်ပေမယ့် ဒီဟာကို စက်ရုံတွေမှာက ဘာအရေးကြီးလဲဆိုရင် ထုတ်ပြန်ကြေညာချက်တွေကို အလုပ်သမားတွေကို လုပ်ငန်းရှင်တွေအနေနဲ့ တင်ပြဖို့ လိုတယ်။
အမျိုးသမီးတွေအနေနဲ့ ဓမ္မတာလာတဲ့အခါကျရင် ကျန်းမာရေးအရ တစ်ခုခု လိုအပ်လာလို့ရှိရင် ခွင့်ပေးဖို့၊ ခွင့်ယူဖို့၊ ခွင့်ယူမယ်ဆိုရင်တော့ ဥပဒေမှာတော့ သတ်မှတ်ပြီးသားလေ၊ ကျန်းမာရေးအရ” ဟု ၎င်းက ဆိုသည်။ ထိုဥပဒေတွင် အမျိုးသမီးအလုပ်သမားများအနေဖြင့် နားခွင့်နှင့် နားသည့် ရက်အတွက် လုပ်အားခအား အလုပ်ရှင်များအနေဖြင့် ပေးရန် ပါရှိသည်။
ကျန်းမာရေးအတွက် အဓိက လိုအပ်သည့် အမျိုးသမီးလစဉ်သုံး ကပ်ခွာများအားလည်း အလုပ်ရုံအတွင်း အခမဲ့ ထားရှိပေးရန်နှင့် သန့်ရှင်းသည့် လက်ကိုင်ပဝါများ ထားရှိရန် စသည့်အချက်များကိုလည်း ဥပဒေတွင် ပြဌါန်းထားသည်ကို တွေ့ရသည်။ အမျိုးသမီးအလုပ်သမားများအနေဖြင့် ဥပဒေများအား သေချာသိရှိနားလည်ရန်နှင့် လိုက်နာရန် လိုအပ်သည်ဟုလည်း ကိုနိုင်အောင်က ဆက်ပြောသည်။
၎င်းက “အလုပ်သမားတွေအနေနဲ့လည်း ဥပဒေသတစ်ခုချင်းစီ ခွင့်ယူပုံ ယူနည်းလေးတွေကို နားလည်ထားဖို့ လိုတယ်။ ဥပဒေမှာ ပြောထားတာကတော့ ဒီဟာကို လုပ်ခလစာ အပြည့်အဝပေးရမယ်လို့တော့ ဆိုလို ထားတယ်။ ပေးကို ပေးရမယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ တရားမဝင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမား ၂.၃ သန်းရှိသည်ဟု ၂၀၂၄ ခုနှစ်က ထုတ်ပြန်သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာအဖွဲ့ IOM စာရင်းတွင် ဖော်ပြထားသည်။
သို့သော် ထိုင်းနိုင်ငံတွင် တရားဝင်အထောက်အထားဖြင့် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလုပ်သား ၃ ဒဿမ ၄ သန်းရှိပြီး တရားမဝင် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမား အရေအတွက်နှင့် ပေါင်းလိုက်ပါက ၆ သန်းနီးပါးအထိ ရှိနိုင်သည်ဟု အလုပ်သမားအရေး လုပ်ဆောင်သူများထံမှ သိရသည်။