အမီးလေး
ကရင်နီပြည်နယ်၊ လယ်တော ၃ စစ်ရှောင်စခန်းတွင် ဆန်ပြတ်လပ်ခြင်းနှင့် ကြုံနေရပြီး စားဝတ်နေရေး အခက်အခဲများ ကြုံနေရသည်ဟု စစ်ရှောင်တာဝန်ခံ အတွင်းရေးမှူး နော်ကိကူကပြောသည်။
“ဒီနှစ်က များလာတယ်။ ဒီမနက်တောင်မှ ကျမဆီလာတဲ့ မိခင်တစ်ယောက်က ဆန်လာတောင်းတယ်။ တစ်ခါတလေဆို ကျမဆီလာတောင်းတဲ့အခါ မပေးနိုင်တဲ့အခါ ကျမစိတ်မကောင်းဘူး။ ပြန်စဉ်းစားတယ်။ ကျမ မပေးလိုက်တော့ သူတို့ကော စားရရဲ့လား” ဟု နော်ကိကူက ဆိုသည်။ ယခင်နှစ်ကလည်း ဆန်ပြတ်လပ်မှု ကြုံခဲ့ရသော်လည်း ယခုနှစ်တွင် ပိုမိုခက်ခဲမှုကို ကြုံတွေ့နေရသည်ဟု သိရသည်။
အဆိုပါ စစ်ရှောင်စခန်းများသည် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် ရပ်တည်နေရခြင်းဖြစ်ပြီး ယခု အလှူရှင် မလာတော့သဖြင့် ဆန်ပြတ်နေသည်မှာ တစ်လ နီးပါးရှိလာပြီဟု တာဝန်ခံက ဆိုသည်။ “ကျမတို့ ရတဲ့ ဆန်က တစ်လပိုင်းကနေ လေးလပိုင်းအထိတော့ Clean Yangon က နှစ်ခါ လာပေးတယ်။ နှစ်လ တစ်ခါ လာပေးတာ ရှိတယ်။ ဒါပေမယ့် ဒီ ငါးလပိုင်းအတွင်းတော့ လုံးဝမလာဘူး။ တစ်ခါမှ မရဘူး” ဟု နော်ကိကူက ပြောသည်။
လယ်တော ၃ စစ်ရှောင်စခန်းအနေဖြင့် ဆန်အပြင် အခြား အခြေခံစားသောက်ကုန်များအားလုံး ပြတ်လပ်နေပြီး အလှူရှင်ရှိပါကလည်း တစ်ယောက် ဆန် နို့ဆီလုံး ၁၀ ဗူးခန့်သာ အများဆုံးရရှိသည်ဟု သိရသည်။
အကယ်၍ ဆန်နှင့် စားသောက်ကုန်များ လကြာရှည် ပြတ်လပ်လာပါက စစ်ရှောင်ပြည်သူများနှင့် ကလေးငယ်များ အာဟာရချို့တဲ့မှု ဖြစ်ပေါ်လာမည်က်ို စိုးရိမ်နေကြသည်။ “စားနပ်ရိက္ခာ အရမ်း လိုအပ်နေတယ်။ နှစ်လ တစ်ခါမှ လာပေးတော့ တစ်ပတ်လောက်စာတောင် မလောက်ဘူး။ ဆန်၊ ဆီ၊ ဆားနဲ့ ကုန်ခြောက်တွေ ပေးဖို့ အဆင်ပြေမလား။ နောက်တစ်ခုက မိုးတွင်းလည်း ရောက်ပြီဆိုတော့ အမိုးတွေ ပြန်ကာဖို့ ပြန်ပြင်ဖို့ မိုးကာတွေလည်း အရမ်း လိုအပ်နေတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် မိုးရာသီ ရောက်ရှိလာပြီဖြစ်၍ စစ်ရှောင်တဲများ မိုးယိုခြင်းကြောင့် အိပ်မရသည့် မိသားစုများလည်း ရှိနေသည်ဟု သိရသည်။ လယ်တော ၃ စစ်ရှောင်စခန်းတွင် ဒီမော်ဆို့မြို့နယ်နှင့် လွိုင်ကော်မြို့နယ်တို့မှ စစ်ရှောင်လာသူများ နေထိုင်ကြပြီး စစ်ရှောင်ဦးရေ ၉၂ ဦးအထိ ရှိသည်။
အဆိုပါ စခန်းမှ စစ်ရှောင်များသည် အလုပ်လုပ်ကိုင်ရန် အခွင့်အလမ်းများလည်း မရှိသောကြောင့် စခန်းတွင်း နေထိုင်သူအားလုံး စားဝတ်နေရေး ခက်ခဲနေရခြင်းဖြစ်သည်။ ကရင်နီပြည်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ခြင်းကြောင့် စိုက်ပျိုးမြေများ ပျက်စီးသွားခဲ့ခြင်းနှင့် သန့်ရှင်းသည့် ရေလုံလောက်စွာ မရရှိခြင်းတို့ကြောင့် စားနပ်ရိက္ခာလိုအပ်ချက်ရှိနိုင်သည်ဟု ကရင်နီကြားကာလအုပ်ချုပ်ရေးအဖွဲ့မှ ပြောထားသည်။
ပုံစာ – ကရင်နီပြည်နယ်ရှိ လယ်တော ၃ စစ်ရှောင်စခန်း