ခင်သရဖီဦး
မေလ ၁၆ ရက်မှစ၍ ပိတ်ထားသည့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှ ချင်းပြည်နယ်၊ ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအား ယမန်နေ့ ညနေ ၅ နာရီမှ စတင်ပြီး ပြန်လည် ကုန်သွယ်ခွင့် ပေးလိုက်သည်ဟု ကုန်သည်များထံမှသိရသည်။ ”ဒီနေ့က ကုန်သည်အစည်းအဝေးလုပ်တယ်လို့ သိရပါတယ်။
အခုက မီဇီုရမ်က အာဏာပိုင်တွေကတော့ ပြန်ဖွင့်ပေးလိုက်တာပါ။ ကုန်တွေကို ပြန်တင်လို့ ရပါပြီ” ဟု ၎င်းကုန်သည်က မေလ ၂၀ ရက်တွင် ဆိုသည်။ မီဇိုရမ်တွင်ရှိသည့် အာဏာပိုင်များအနေဖြင့် ထိုကဲ့သို့ ကုန်သွယ်လမ်းကြောင်းအား မကြာခဏ ပိတ်ထားမှုများရှိကြောင်းလည်း ဆေးပစ္စည်းများ ရောင်းဝယ်နေသည့် ပေါက်တောဖက်မှ ကုန်သည်တစ်ဦးက ဆိုသည်။
“ကျနော် ကြားတာကတော့ သူတို့ဘက်မှာက စစ်ဖြစ်နေတယ်ပေါ့လေ။ အဲဒီမှာ ကုန်တွေက တအား ချတော့ ကုန်မလောက်မှာ စိုးရိမ်တာကြောင့် သူတို့ အခုလို မကြာမကြာ ပိတ်တာတွေရှိတယ်လို့ သိရတယ်။ ဒီနေ့ ကားတွေကို ပြန်ထွက်ခွင့်ပေးလိုက်တာပါ” ဟု ၎င်းက ပြောသည်။ ရခိုင်ဒေသတွင် စစ်ကောင်စီက ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် ကုန်းလမ်း၊ ရေလမ်းများအား ပိတ်ဆို့လိုက်ပြီးနောက် ရခိုင်အတွင် လိုအပ်သည့် ကုန်ပစ္စည်းများအား အိန္ဒိယ မီဇိုရမ် -ပလက်ဝလမ်းကြောင်းမှ အဓိက တင်သွင်းနေခြင်းလည်းဖြစ်သည်။
ယင်းကြောင့် ၂၀၂၄ ခုနှစ်မှ စတင်၍ ရခိုင်ပြည်အတွက် စက်သုံးဆီ၊ စားသောက်ကုန်၊ ဆေးဝါးနှင့် လူသုံးကုန် ပစ္စည်းတွေအားလုံးကို မီဇိုရမ် ကုန်သွယ်ရေးလမ်းကြောင်းကို အားကိုးနေရခြင်းဖြစ်သည်။
ရခိုင်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ မြန်မာပြည်မနှင့် ဆက်သွယ်ထားသည့် ကုန်သွယ်ရေး လမ်းကြောင်းများအား စစ်ကောင်စီမှ ပိတ်ထားသောကြောင့် ကုန်ဈေးနူန်းများ ဆယ်ဆခန့်အထိ မြင့်တက်ခဲ့ကာ လက်ရှိတွင်လည်း ဈေးနူန်း အနည်းသာ ကျဆင်းနေသေးသည်။